Skip to main content

“ခွေး ဗျ ခွေး”

ကိုတိုးကြီး(မွေး/ကု)

          “ခွေး ဗျ ခွေး”

ကျုပ်အလုပ်က “သခင်ကို သစ္စာရှိဖို့”နဲ့ “ကိုက်”ဖို့။ ကျုပ်က သော်တာဆွေ ဘာသာ ပြန်ထား တဲ့ “ခွေးရွှေဝါ” စာအုပ်ကို သိပ်ကြိုက်တာ၊ အကြိုက်ဆုံးက စာအုပ်ရဲ့ နောက်ဆုံးအခန်း “ခွေးရွှေဝါ”က သူ့သခင်အငယ်ဆုံးလေးကို ကယ်ဖို့ သူ့ထက်အများကြီးအင်အားလဲကြီး၊ ရူးလဲရူးနေတဲ့ ဝံပုလွေနဲ့ အပြတ်ကိုက်၊ အပြတ်ဖိုက်တာ နောက်ဆုံးနိုင်ရောဆိုပါတော့။ ဒါပေမယ့် ကျုပ်မကြိုက်တာက “ခွေးရွှေဝါ”ကို သခင်လေးက ပစ်သတ်တာပဲ။ လူတွေက သူတို့အတွက်ပဲကြည့်တာဗျ။ ခွေးရူးရောဂါ ကူးမှာစိုးလို့ သူတို့အသက်ကို ကယ်ခဲ့တဲ့ “ခွေးရွှေ ဝါ”ကို ပစ်သတ်တာလေ။

          “အဲ့ဒါကြောင့် သခင်ကို ကျုပ်က သစ္စာမရှိချင်ဘူး။” “သစ္စာရှိစရာမလိုဘူးလေ။ ကျုပ်မှာ သခင်မှ မရှိဘဲ။’’ “ကျုပ်က လူတွေပြောနေတဲ့ ခွေးလေခွေးလွင့်ဗျာ။ အဲ့ဒီတော့ ကျုပ်ရဲ့လောလော ဆယ်အလုပ်က ကိုက်ဖို့ ဖိုက်ဖို့ပဲ။’’ “ကျုပ်ရဲ့အသက်ရှင်နေထိုင်ရေး အတွက် ကိုက်ရမယ်၊ ဖိုက်ရမယ်။ လျင်မြန်ဖျတ်လတ်ပြီး အကင်းပါးနေရမယ်။’’

          “မလည်ရင် ခံရမှာ​ဗျ။ အခုတလော တိရစ္ဆာန်ဆေးကုဆရာဝန်ဆိုတဲ့ လူတွေက သိပ်ဆိုးနေတာ။ ပိုင်ရှင်ရှိတဲ့ခွေးတွေရော၊ ကျုပ်တို့လိုခွေးလေခွေးလွင့်တွေကိုရော ခွေးရူး ရောဂါကာကွယ်ဆေး လိုက်ထိုးနေတယ်ဗျ။”

          “မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)တို့ ပူးပေါင်းပြီး လုပ်တာဗျ။” “ခွေးရူးရောဂါကာကွယ်ဆေး အလုံးအရင်းဖြင့် အခမဲ့ထိုးနှံတဲ့ အစီ အစဉ်”တဲ့၊ “ခင်ဗျားတို့ မြင်စေချင်တယ်။ ကျုပ်တို့ကိုဖမ်းပြီးဆေးထိုးဖို့ ဘတ်စကက် ဘောခြင်းလို ကွင်းနဲ့ပိုက်အရှည်ကို တပ်ပြီးလက်ကိုင်အရှည်နဲ့ လုပ်ထားတာဗျ။” “ကျုပ်ဘော်ဒါတစ်ကောင်ကို အဲ့ဒီခြင်းနဲ့အုပ်စွပ်ပြီး ပိုက်ထဲရောက်သွားတော့ လက်ကိုင်ကို လှည့်လိမ်လိုက်တာ လှုပ်လို့ကိုမရဘူး။ လှုပ်လို့မရတော့မှ ဆေးထိုးထည့်လိုက်တာ။ ပြီးတော့ လည်ပတ် တပ်လွှတ်လိုက်သေးတယ်။ ထိုးပြီးကြောင်းပေါ့ဗျာ။ ကျုပ်ဘော်ဒါပြောတာတော့ ကျုပ်တို့ အချင်းချင်း ကိုက်တာထက် နာသေးတယ်တဲ့၊” “ဟုတ်လောက်တယ်ဗျ၊ အဲ့ဒီကောင် အော်လိုက်တာ ဂိန်-ဂိန်ဂိန် ဂိန်နဲ့ မပြီးနိုင်ဘူး။”

          “မှတ်မှတ်ရရ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့မှာ စထိုးတာဗျ။ ကျုပ်တို့ လယ်ဝေးတစ် မြို့နယ်လုံး “လှည်းနေလှေအောင်းမြင်းဇောင်းမကျန်”ပေါ့၊ “များလိုက်တဲ့ခွေး တွေဗျာ၊ (၃၅၆၁၈) ကောင် အထိုးခံရတယ်တဲ့။”ဒီကြားထဲ ကြောင်(၅၁၇)ကောင်က အဆစ်ပါသွားသေးဆိုဘဲ။

          “ကျုပ်လား- ကျုပ်က လျင်လို့ အထိုးမခံရပါဘူးဆို”။ ကျုပ်က သတင်းအမြဲယူတယ်။ ဘာလို့လဲဆို ကျုပ်ပါ ကူးမှာစိုးလို့။ အခုပဲ ခွေးရူးရောဂါအကြောင်း လေ့လာနေရပြီလေ။ ခွေးရူးရောဂါ ဖြစ်စေတာက Rabies Virus (ခွေးရူးဗိုင်းရပ်)ကြောင့်၊ အဖြစ်များတဲ့ သတ္တဝါတွေက လင်းနို့၊ ခွေး၊ ကြောင်၊ မြေခွေး၊ ဝံပုလွေ၊ ခွေးအ စတာတွေ၊ ခွေးကိုက် ခံရတာကနေ လူကိုကူးတာများလို့ မြန်မာလို ခွေးရူးရောဂါဖြစ်လာတာ။ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)ရဲ့ စစ်တမ်းအရ လူတွေမှာ ခွေးရူး ရောဂါဖြစ်တာ (၉၉%)အထက်က ခွေးကိုက်လို့တဲ့။

          ခွေးရူးအကိုက်ခံရတဲ့သူမှာ ခွေးရူးရောဂါပိုး ကူးစက်ခဲ့ရင် အကိုက်ခံရတဲ့ဒဏ်ရာကနေ နာဗ်(Nerves) လို့ခေါ်တဲ့ အာရုံခံဆဲလ်တွေကတဆင့် ဦးနှောက်ဆီကို တစ်ရက် တစ်စင်တီ မီတာနှုန်းလောက်နဲ့ သွားတာတဲ့ဗျာ။ ဦးနှောက်ကို ရောက်သွားရင်တော့ ဦးနှောက် အမှေးရောင်ပြီး သေတော့တာပေါ့ဗျာ။ အဲဒီအချိန်ရောက်ရင်တော့ ကုရာနတ္ထိ ဆေးမရှိပဲဗျ။ ခွေးရူးကိုက်လျင်ကိုက်ချင်း ခွေးရူးရောဂါကာကွယ်ဆေးထိုးထားရင် ဘာမှမဖြစ်ဘူး။ (၁ဝဝ%) စိတ်ချရတယ်ဆိုဘဲ။ လူမှာတွေ့ ရတဲ့ ခွေးရူးပြန်ရောဂါလက္ခဏာတွေကတော့-

          (က)   ကူးစက်ခံရသော ဒဏ်ရာမှ စူးကနဲ့နာကျင်ခြင်း

          (ခ)     ရေကြောက်ခြင်း

          (ဂ)     ဂဏှာမငြိမ်ခြင်း

          (ဃ)   သွားရည်များစွာ ထွက်ခြင်း

          (င)     တက်ခြင်း

          (စ)     ဦးနှောက်အမှေးပြင်းထန်စွာရောင်ခြင်း

          (ဆ)   သေဆုံးခြင်း တို့ပဲဗျ။

          လူတွေကတော့ ခွေးရူးကိုက်ခံရရင်

 -   ဒဏ်ရာကို ရေများများသုံးပြီး ဆပ်ပြာ(သို့မဟုတ်) ပိုးသတ်ဆေးတစ်မျိုးမျိုးနဲ့ (၅)မိနစ်

      (၁ဝ)မိနစ်လောက် အချိန်ယူပြီး ဆေးကြတယ်။

 -    ခွေးရူးရောဂါကာကွယ်ဖို့ ဆေးဘက်ဆိုင်ရာ ဆရာဝန်နဲ့တိုင်ပင်တယ်။

 -    ညွှန်ကြားချက်အတိုင်း လိုက်နာတယ်။ ကာကွယ်ဆေးကို ဆေးပတ်လည်အောင် အပြည့် ထိုးတယ် ဆိုတဲ့အချက်တွေကို လုပ်ကြတယ်ဗျ၊ အရမ်းအရေး ကြီးတယ်နော်။

          အဲဒီတော့ ကျုပ်တို့လို ခွေးတွေမှာလဲ ခွေးရူးဖြစ်ရင် ဘယ်လိုလက္ခဏာတွေ တွေ့ရလဲဆိုတာ သိထားရမယ်ဗျ။ ခွေးရူးရောဂါဖြစ်နေတဲ့ ခွေးမှာ-

  • ရုတ်တရက်အမူအယာပြောင်းသွားခြင်း

  • ထိုင်းမှိုင်ခြင်း၊ အစာမစားခြင်း

  • စိတ်ဆိုးအမျက်ထွက်အောင်မလုပ်ဘဲနှင့် ရန်လိုနေပြီး ကိုက်တတ်ခြင်း

  • တုတ်ချောင်း၊ စက္ကူစ စသဖြင့် တွေ့ကရာကို ကိုက်စားခြင်း

  • ဦးတည်ရာမဲ့ ပြေးသွားနေခြင်း

  • အသံအက်သဖြင့် အူခြင်း၊ ဟောင်ခြင်း

  • အစာ၊ ရေ မျိုချရန် ခက်ခဲခြင်း

  • သွားရည်(သို့) တံတွေးများ၊ အမြုပ်များ လွန်ကဲစွာထွက်ကျခြင်း 

စတဲ့ လက္ခဏာတွေ တွေ့ရတယ်ဗျ။

          ကျုပ်ကတော့ အဲ့ဒီလိုဖြစ်နေတဲ့ အကောင်တွေကို သွားမဖိုက်၊ သွားမကိုက်တော့ဘူး၊ ရှောင်မှ ဖြစ်မယ်။ ခွေးရူးရောဂါ ဖြစ်တဲ့ကောင်နဲ့ကိုက်မိလို့ ကာကွယ်ဆေးမထိုးနိုင်ရင် အသက်ဆုံးမဲ့ရောဂါဗျ။ အဲ့ဒီတော့ ကျုပ် ပထမဆုံးပြောခဲ့တဲ့ ခွေးရွှေဝါကို သခင်လေးက ပစ်သတ်တာကို မအံ့သြတော့သလို ကာကွယ်ဆေး မရှိသေးတဲ့အချိန်၊ အလွယ်တကူ မရနိုင်တဲ့အချိန်အခါမှာ ဒီလိုပဲလုပ်ရမှာလို့ ထောက်ခံလိုက်တယ်။ 

          ဘာ့ကြောင့်လဲဆိုတော့ ဒီရောဂါက ဆင့်ကဲဆင့်ကဲကူးစက်ပြီး လူတွေ တိရစ္ဆာန်တွေ မကြည့် ရက်စရာအဖြစ်မျိုးနဲ့ သေကြေနိုင်တာဗျ။ အဲ့ဒါကြောင့်ပဲ လူတွေက ခွေးရူးရောဂါကို တိုက်ဖျက်ဖို့ ကြိုးစားနေကြတာ။ ကာကွယ်ဆေးကလည်း တိရစ္ဆာန်အတွက်ရော လူတွေ အတွက်ပါ ပေါ်ပေါက်နေပြီးပဲ။ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ သုံးရမှာပေါ့။ ကာကွယ်ဆေးသုံးခြင်းအားဖြင့် (၁ဝဝ%)ကာကွယ်နိုင်တယ်ဗျ။ ခွေးရူးရောဂါ အန္တရာယ်ရှိတဲ့ နေရာမှာရှိတဲ့ ခွေးကောင်ရေရဲ့ (၇ဝ%)ကို ကာကွယ်ဆေးထိုး နိုင်ရင် ရောဂါ ဖြစ်ပွားတဲ့သံသရာစက်ဝန်းကိုဖြတ်နိုင်တယ်။  အဲ့ဒါကြောင့် ခွေး၊ ကြောင် တွေရဲ့ ပိုင်ရှင် အားလုံး ကာကွယ်ဆေးထိုးဖို့ တာဝန်ရှိတယ်ဗျာ။

          ထိုးအောင်လဲ အသိပညာပေးကြရတာပေါ့။ ခွေးရူးရောဂါကို အမြစ်ဖြတ်နိုင်ဖို့ ကမ္ဘာ့ ခွေးရူး ရောဂါကာကွယ်ရေးနေ့(World Rabies Day)ကို နှစ်စဉ် စက်တင်ဘာလ(၂၈)ရက်နေ့ သတ်မှတ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးဆောင်လို့ လှုပ်ရှားမှုတွေတိုးမြှင့် ဆောင်ရွက်နေကြတာပေါ့။ ဒီနှစ်ဆောင်ပုဒ်က “အတားဆီးများကိုကျော်လွန်မှ ခွေးရူးရောဂါ ကင်းစင်ပ ခြေလှမ်းတိုင်းမှာပါဝင်ကြ” တဲ့။ 

          “ကဲ ကျုပ်လား” “ခွေး ဗျ ခွေး”၊ “ခွေးမှ အင်မတန်လျင်တဲ့ ခွေးလေခွေးလွင့်ဗျ။ ဒီတစ်ခါ တိရစ္ဆာန်ဆေးကုဆရာဝန်တွေ ဆေးထိုးဖို့ လိုက်ဖမ်းရင် သွားအဖမ်းခံပြီး ကာကွယ် ဆေးထိုးတာ ခံလိုက်မယ်ဗျာ။ ဘာလို့လဲ ဟုတ်လား။” 

“ကျုပ်မှ မသေချင်သေးပဲ”

          

အောက်တိုဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် ရေးနေ့ (World Rabies Day)”ကို ကြိုဆိုဂုဏ်ပြုလျက်။