Skip to main content

မလေးရှားနိုင်ငံသို့ သိုး နှင့် ဆိတ်အရှင်များ တင်ပို့သွားမည် မွေးမြူရေးတောင်သူများအတွက် ဈေးကွက်အလားအလာကောင်းဖြစ်

မြန်မာနိုင်ငံမှ သိုးနှင့် ဆိတ်အရှင်များကို မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ သီလဝါဆိပ်ကမ်းရှိ တိရစ္ဆာန်ရောဂါထိန်းသိမ်းစောင့်ကြည့်စစ်ဆေးရေး စခန်း (Animal Quarantine Station-AQS) အား ပြင်ဆင်ခြင်း နှင့် မလေးရှားနိုင်ငံ Department of Veterinary Services မှ ပညာရှင်များအား ဖိတ်ခေါ်၍ AQS စခန်း အတည်ပြု နိုင်ရေး၊ ရောဂါစူးစမ်းရှာဖွေ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းအတွက် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးလိုအပ်ချက်အစီအမံများ (Protocol) အား နှစ်နိုင်ငံညှိနှိုင်းအတည်ပြုချက်ရယူခြင်း၊ မြန်မာနိုင်ငံမှထုတ်ပေးမည့် တိရစ္ဆာန် ကျန်းမာ ကြောင်းလက်မှတ်မူကြမ်း (Veterinary Health  certificate model) အား ပေးပို့၍ မလေးရှား နိုင်ငံနှင့် အတည်ပြုချက်ရယူခြင်းများကို ၂၀၂၄ ခုနှစ် ဇွန်လ နှင့် ဇူလိုင်လအတွင်း ဆောင်ရွက်ခဲ့ ပြီး နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သိရသည်။
 
တင်ပို့မည့်သူများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ အစိုးရဌာန အဖွဲ့အစည်းများနှင့် ချိတ် ဆက်၍ အချက်အလက်ပြည့်စုံသည့် ကုန်အမှာစာ (Performance Invoice) လက်ခံရရှိရေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သိုးဆိတ်တင်သွင်းမည့်သူမှ လျှောက်ထားလာသည့် နေရာအပေါ်မူတည်၍ တိရစ္ဆာန် စုဆောင်းရပ်ကို စိစစ်သတ်မှတ်သွားမည်ဖြစ်ကာ ကျန်းမာရေး လိုအပ်ချက်အစီအမံများ protocol နှင့်အညီ ရောဂါ (၈) မျိုးစစ်ဆေးခြင်း ၊ ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိရစ္ဆာန်အမှတ်အသား (ID Ear-tag) တပ်ဆင်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောသည်။
 
သီလဝါ AQS စခန်းတွင် စောင့်ကြည့်ကာလ (၂၁)ရက် ထားရှိရမည်ဖြစ်ပြီး ခွာနာလျှာနာ ရောဂါကာကွယ်ဆေး Trivalent (၂) ကြိမ်ထိုးနှံခြင်း၊  သားလျှောရောဂါ ကာကွယ်ဆေး RB 51 ထိုးနှံပေးခြင်း၊ သံချခြင်းနှင့် ပြင်ပကပ်ပါးပိုးမွှားများနှိမ်နှင်းခြင်း၊ Beta agonist စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကာ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီ၍ တိရစ္ဆာန် ကျန်းမာကြောင်း လက်မှတ်ရရှိပြီးပါက မလေးရှားနိုင်ငံက သတ်မှတ်ခွင့်ပြုထားသည့် လမ်းကြောင်းမှတဆင့် တင်ပို့နိုင်မည် ဖြစ်သည်။
 
လက်ရှိတွင် မလေးရှားနိုင်ငံသို့ သိုးနှင့်ဆိတ်အရှင်တင်ပို့နိုင်ရန် သတ်မှတ်လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်သည့် Mansa Iron & Steel Fabrication & Manufacturing Co., Ltd က ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ ယာယီစုဆောင်းရပ်၌ စုဆောင်းထားရှိပြီးဖြစ်သော ဆိတ်အရှင် (၁,၅၀၀) ကောင်ကို ပထမ အသုတ်အနေဖြင့် တင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း ဆိတ်အရှင် အကောင် (၃၀,၀၀၀) တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်များတွင် တိုးတက် တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းမွေးမြူရေးတောင်သူများအနေဖြင့် ဆိတ် မွေးမြူရေးလုပ်ငန်းကို ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်ပါက ဈေးကွက်အလားအလာကောင်း များရှိနေကြောင်း သတင်းရရှိသည်။