Skip to main content

မိတ္ထီလာမြို့နယ်တွင် နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄/မတလ)ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ၊ ဇူလိုင် ၂၄

           မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄/မတလ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က စက်မှုလယ်ယာ သင်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

          နွားနှင့်ဆိတ်မေထုန်မဲ့သင်တန်းအမှတ်စဉ်(၁/၂၀၂၄/မတလ)  ဖွင့်ပွဲအခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက အဖွင့် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနများရှိ မြို့နယ်များမှ ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် နည်းစနစ်ကျနမှန်ကန် သော မေထုန်မဲ့သားစပ်ကျွမ်းကျင်သူ အရေအတွက် တိုးပွားလာပြီး နိုင်ငံအနှံ့ မေထုန်မဲ့သားစပ် လုပ်ငန်းကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍မိတ္ထီလာခရိုင်တွင်နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄/မတလ)ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက မိတ္ထီလာခရိုင်တွင် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄/မတလ) ကို ဇူလိုင်လ ၂၄ ရက်မှ ၂၈ ရက်အထိ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား ပထမအကြိမ်တွင် သင်တန်းသား (၃၀)ဦး ကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား (၁၀၀) ဦးပြည့်သည်အထိ ဆက်လက်ပို့ချ ပေးသွားမည်ဖြစ်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများအား နည်းစနစ် ကျနမှန်ကန်သော မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြင့် သားစပ်သူများ၏ ကျွမ်းကျင်မှု အရည်အသွေး မြင့်မားလာစေပြီး မျိုးကောင်း၊ မျိုးသန့်၊ မျိုးမြင့် တိရစ္ဆာန်များ တိုးတက်ပွားများလာကာ နိုင်ငံတော်၏ သားငါး ထုတ်လုပ်မှု ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုရာ ရောက်မည်ဖြစ်ကြောင်း သိရပြီး ၎င်းသင်တန်းကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)နှင့် ကျောက်ဆည်ခရိုင်တို့တွင် လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။