ပုဗ္ဗသီရိ ဇွန် ၁၉
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျောက်စရစ်ကုန်း၊ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် နံနက် ၁၁ နာရီအချိန်တွင်နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးဒေါက်တာထွေးကိုကိုက နေပြည်တော်၈ မြို့နယ်တွင်ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်နှင့် ရောဂါကင်းရှင်းဇုန်များ ထူထောင်လျက်ရှိပြီး အဆိုပါဇုန်အတွင်းခွေးရူးရောဂါအားရောဂါထိန်းချုပ်နိုင်ရန်အတွက်အသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက ခွေးရူးရောဂါ ကူးစက်နိုင်သည့် သတိပြုလိုက်နာရမည့်အချက်များ၊ ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ စသည်တို့ကို တက်ရောက်လာသော ဆရာ၊ ဆရာမ (၁၀) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၂၈၅)ဦး အား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီးခွေးရူးရောဂါအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူလေးများက သိလိုသည်များကို မေးခွန်းများ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။