Skip to main content

ခွေးရူးရောဂါအန္တရာယ် သတိပြုကာကွယ်

အကြိမ်(၂၀) မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ဆောင်ပုဒ်က လက်တွဲညီညီပူးပေါင်းလို့ ခွေးရူး ရောဂါတိုက်ဖျက်စို့ (Stronger Together) ဖြစ်ပါသည်။ ပြင်သစ်သိပ္ပံပညာရှင်  လူး၀စ်ပါ(စ)ချာ (Louis Pasteur ၁၈၂၂-၁၈၉၅) က ၁၈၈၅ ခုနှစ်တွင် ခွေးရူးရောဂါကာကွယ်ဆေး ကို ပထမဆုံး အောင်မြင်စွာတီထွင်နိုင်ခဲ့ပြီး သူ့ကို ဂုဏ်ပြုသည့်အနေဖြင့် သူကွယ်လွန်ခဲ့သည့်နေ့ဖြစ်သည့် စက်တင်ဘာလ ၂၈ ရက်နေ့ကို ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day) အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ အဆိုပါနေ့တွင် ကမ္ဘာတစ်ဝန်း ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုများကို ၂၀၀၇ ခုနှစ်မှ စတင်၍ ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေး လှုံ့ဆော်ပညာပေးဖို့ဆိုသည့် ရည်ရွယ်ချက်နှင့် သတ်မှတ်ကျင်းပလာခဲ့ကြသည်။

အဆိုပါနေ့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း ခွေးရူး ရောဂါကာကွယ်ဆေးထိုးနှံသည့် လှုပ်ရှားမှုများ၊ အသိပညာပေးဟောပြောပွဲများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်မှ စတင်ပြီး အခြေခံပညာကျောင်းများတွင် ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ၊ ပိုစတာ များဖြန့်ဝေပြီး အသိပညာပေး‌ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

ယ‌နေ့ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပနိုင်ရန် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဟောပြောပွဲကျင်းပရာ အစည်းအဝေးခန်းမအတွင်း ရောက်ရှိနေပြီ ဖြစ်ပါသည်။ ကျွန်တော်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပိုမိုစိတ်ဝင်စားစွာ ပါဝင်လာ စေရန် အပြန်အလှန်  ဆွေးနွေးမေးမြန်း၍ ဟောပြောသည့်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။

“အားလုံးပဲ မင်္ဂလာနံနက်ခင်းပါခင်ဗျ။ ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာနခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ သုတေသနအရာရှိ ‌ဒေါက်တာလှိုင်ဝင်း ဖြစ်ပါတယ်။ ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး သားတို့ သမီးတို့ သိချင်တဲ့အကြောင်းအရာတွေကို စတင်မေးမြန်းပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။”

“ခွေးရူးရောဂါအကြောင်း ရှင်းပြပေးပါဆရာ။ ဘယ်လိုသတ္တဝါတွေမှာ ကူးစက်နိုင်တာလဲ။ ခွေးကနေပဲ အဓိကကူးစက်တာလားဆရာ”

“ခွေးရူးရောဂါဆိုတာ တိရစ္ဆာန်ကနေ လူကိုကူးစက်နိုင်တဲ့ Zoonosis ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခွေးရူးရောဂါက Lyssa ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး ဦးနှောက်ကို ထိခိုက် ရောင်ရမ်းစေတတ်လို့ အသက်ဆုံးရှုံးစေနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ခွေးရူးရောဂါက ကာကွယ်ဆေး သာရှိပြီး ကုသရန်ဆေးမရှိတဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့သတ္တဝါများရဲ့ သွားရည်၊ တံတွေးမှတဆင့် အများဆုံး ကူးစက်ခံရနိုင်ပါတယ်။ ခွေးရူးရောဂါလို့ အများကခေါ်နေပေမယ့် ခွေးတစ်မျိုးတည်း ကြောင့်ဖြစ်ရတာမဟုတ်ဘဲ သွေးနွေး သတ္တဝါ ဒါမှမဟုတ် နို့တိုက်သတ္တဝါများ ဖြစ်တဲ့ ဥပမာ ခွေး၊ ကြောင်၊  ကြွက်၊ မြင်း၊ မျောက်၊ နွား၊ လင်းနို့၊ လင်းဆွဲ၊ မြွေပါ၊ တောကြောင်၊ မြေခွေးနှင့် ခွေးအတို့ကြောင့်လည်း ရောဂါကူးစက် ဖြစ်ပွားနိုင် ပါတယ်။”

“ခွေးရူးရောဂါက ဘယ်လိုကူးစက်ပြီး သေဆုံးမှုဖြစ်စေနိုင်တာလဲဆရာ။” 

“ခွေးရူးရောဂါအစက လင်းနို့၊ လင်းဆွဲတွေက အစပြုပါတယ်။ ဒီလင်းနို့၊ လင်းဆွဲ တွေကနေ တောရိုင်းတိရစ္ဆာန်တွေကူးစက်ပါတယ်။ အဲဒီနောက် အိမ်မွေးခွေး၊ ကြောင်စတဲ့ တိရစ္ဆာန်တွေကို ကူးစက်ပြီး လူနဲ့အနေနီးစပ်လို့ လူတွေကိုပါ ကူးစက်ဖြစ်ပွားပြီး သေဆုံးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ခွေးရူးရောဂါပိုးက ခွေးရူးရောဂါဖြစ်နေတဲ့သတ္တဝါတွေရဲ့ သွားရည်၊ တံတွေး ကနေတဆင့် အဓိကကူးစက်နိုင်ပါတယ်။ ခွေးရူးပြန်နေတဲ့ ခွေး၊ ကြောင်တွေရဲ့ အကိုက်ခံရခြင်း၊ ကုတ်ခြစ်ခံရတာတွေအပြင် အနာ၊ ဒဏ်ရာ၊ မျက်စိ၊ ပါးစပ်တွေကို အဲဒီခွေး၊ ကြောင်တွေက လျှာနဲ့ အလျှက်ခံရရင်လည်း ခွေးရူးရောဂါပိုး ကူးစက်ဖြစ်ပွားနိုင်ပါတယ်။ ခွေးရူးရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက အကိုက်ခံရတဲ့နေရာမှာပွားများပြီး အာရုံခံနာဗ်ကြောများနှင့် ကြောရိုးအာရုံ ကြောမကြီးကတဆင့် ဦးနှောက်ဆီကို ပြန့်နှံ့ဝင်ရောက်ပါတယ်။ တစ်ရက်လျှင် ၁၂-၂၄ မီလီမီတာနှုန်းဖြင့် ရွေ့လျားပျံ့နှံ့နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးဝင်ရောက်သည့်အချိန်မှ ရောဂါလက္ခဏာစတင်ပြတဲ့အချိန်ရဲ့ ကြားကာလကို ရောဂါပိုးပျိုးကာလလို့ခေါ်ပါတယ်။ ရောဂါပိုးပျိုးကာလ အနေနဲ့ အစောဆုံး (၅) ရက်မှ (၃) လအတွင်း အဖြစ်များပြီး တခါတရံ ၆ နှစ်ကနေ ဆယ်နှစ်အထိ ရောဂါပိုးပျိုးကာလက ကြာတတ်ပါတယ်။ ခွေးရူးရောဂါပိုးသည် ဦးနှောက်ကနေ တံတွေးအိတ်သို့ စတင်ပျံနှံ့ချိန်တွင် ခွေးရူးရောဂါလက္ခဏာများ စတင် ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် ရောဂါကူးစက်နိုင်တဲ့အချိန်ကာလက ရောဂါလက္ခဏာ စပြတဲ့အချိန်ကနေ သေဆုံးတဲ့အချိန်အထိ တစ်ပတ် ဆယ်ရက်ခန့် ဖြစ်နိုင်ပါတယ်။ 

“ကမ္ဘာပေါ်မှာ ခွေးရူးရောဂါရဲ့ ကူးစက်ပြန့်နှံ့မှုအခြေအနေကိုလဲ သိချင်ပါတယ်ဆရာ။”

“ခွေးရူးရောဂါက အာရှနဲ့ အာဖရိကနိုင်ငံတွေရဲ့ ဆင်းရဲတဲ့ ကျေးရွာတွေမှာ ဖြစ်ပွားမှုများ တာတွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ၁၅ မိနစ်ကို လူတစ်ယောက်နှုန်း ခွေးရူးပြန်ပြီး သေဆုံးလျက် ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ တစ်နှစ်လျှင် ခွေးရူးရောဂါကြောင့် သေဆုံးသူလူဦးရေ ၅၉၀၀၀ ခန့်ရှိကြောင်းသိရှိရပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသမှာ ခွေးရူးရောဂါကြောင့် ကလေးသူငယ် ထိခိုက်သေဆုံးမှု (၄၀) ရာခိုင်နှုန်းရှိကြောင်း သိရှိရပါတယ်။ လူမှာ ကူးစက်ခံရတာရဲ့ (၉၉) ရာခိုင်နှုန်းက ခွေးကိုက်ခံရခြင်းကနေတဆင့် အများဆုံးဖြစ်တာတွေ့ရပါတယ်။ အထူးသဖြင့် လမ်းဘေးလေလွင့်ခွေး အကိုက်ခံရမှုကြောင့် ကူးစက်ခံရတာအများဆုံးဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မွေး ခွေး၊ ကြောင်တွေကို လမ်းဘေးလေလွင့် ခွေးကြောင်တွေ ထံကနေ ရောဂါကူးစက်မခံရအောင် ခွေး၊ ကြောင်အသက် (၄) လသားခန့်ကစပြီး ကြိုတင်၍ ခွေးရူးရောဂါ ကာကွယ်ဆေးကို နှစ်စဉ် ပုံမှန်ထိုးနှံ သင့်ပါတယ်။  အကယ်၍ ခွေး၊ ကြောင်အကိုက် ခံရပါက (၂၄) နာရီအတွင်း အကိုက်ခံရတဲ့သတ္တဝါကို သတ်မှတ်ထားတဲ့နည်းလမ်းများနဲ့အညီ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးတာ အကောင်းဆုံးဖြစ်ပါတယ်။ 

“ခွေးမှာ ခွေးရူးရောဂါဖြစ်နေကြောင်း ဘယ်လိုခွဲခြားသိနိုင်မလဲဆရာ”

“ခွေးရူးရောဂါဖြစ်နေသောခွေးအမျိုးအစား (၂) မျိုးရှိပါတယ်။ ကြမ်းတမ်းတဲ့ ခွေးရူးပုံစံမှာ ခွေးရဲ့ အမူအယာ၊ အနေအထိုင်တွေ ဦးစွာပြောင်းလဲလာတယ်။ အကြောင်းမဲ့ ဟိုပြေးဒီပြေး ဖြစ်နေတတ်တယ်။ စိတ်ဆိုးအမျက်ထွက်အောင် မလုပ်ဘဲနဲ့ ရန်လိုနေပြီး ကိုက်တတ်တယ်။ တုတ်ချောင်း၊ လှောင်အိမ်သံဇကာနဲ့ စက္ကူစများကို ထူးထူးဆန်းဆန်း ဒေါသနဲ့ကိုက်စားနေ တတ်တယ်။ အသံအက်အက်ဖြင့် တနေကုန် ဟောင်နေ အူနေတတ်တယ်။ အစာသိပ်မစား တော့တာ၊ ရန်လိုတတ်တာ၊ ပြောစကားနားမထောင်တာ၊ ပါးစပ်က အမြုပ်တစီစီနှင့် သွားရည်များ ကျနေတတ် တာမျိုးတွေ့ရပါတယ်။ ခွေးကောင်းများက ခွေးရူးနောက်က လိုက်ဟောင်တာမျိုး လည်း တွေ့ရပါတယ်။ အကြောသေတဲ့ခွေးရူးပုံစံမှာ လေဖြတ်ခြင်း ခံထားရတာ ကြောင့် ကြွက်သားများ မသန်မာတော့ဘဲ ယိုင်တိယိုင်တိုင်နဲ့ သွားလာတတ်ပါတယ်။ လေဖြတ်ခြင်း ကြောင့် အောက်မေးရိုးပိတ်မရဘဲ သွားရည်များတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနဲ့ သွားလာတတ်ပါတယ်။ များသောအားဖြင့် မှောင်၍ တိတ်ဆိတ်တဲ့နေရာများမှာ ငြိမ်ငြိမ်လေး အိပ်နေတတ်ပါတယ်။ ဘာလက္ခဏာမှ မပြဘဲ ငြိမ်ကုပ်နေတာလည်း တွေ့နိုင်ပါတယ်။ ခွေးရူးများဟာ ရောဂါလက္ခဏာစပြီး (၁၀) ရက်အတွင်း သေဆုံးလေ့ရှိပါတယ်။”

“ရပ်ကွက်၊ ကျေးရွာထဲ၊ အိမ်မှာ ခွေးကရူးနေပြီလို့ သံသယရှိရင် ဘယ်လိုလုပ်ရမလဲဆရာ”

“သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကို အမြန်ဆုံး အကြောင်းကြားရပါမယ်။ အခြားခွေးများနဲ့ မရောနှောမိစေရန် သံသယရှိတဲ့ ခွေး၊ ကြောင်ကို လုံခြုံစိတ်ချရတဲ့နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားရပါမယ်။ ရပ်ကွက်၊ ကျေးရွာထဲ သို့မဟုတ် မိမိအိမ်မှာ မွေးမြူထားတဲ့ အခြားခွေးများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ အား အကြောင်းကြားပြီး ခွေးရူးရောဂါကာကွယ်ဆေးကို အချိန်မီထိုးနှံရပါမယ်။”

“လူကို ခွေး၊ ကြောင်အကိုက်ခံရင် ဘာတွေလုပ်ရမလဲဆရာ”

“လူကို ခွေး၊ ကြောင် အကိုက်ခံရရင် ရှေးဦးသူနာပြုနည်းဖြင့် စတင်ဆောင်ရွက်ရပါမယ်။ အကိုက်ခံရတဲ့ ဒဏ်ရာကို ချက်ချင်း ဆပ်ပြာနဲ့ ရေကိုသုံးပြီး ၁၀-၁၅ မိနစ် ခန့်ကြာ ရေဖြင့်လောင်းပြီး ဆေးကြောရပါမယ်။ ဆပ်ပြာမရနိုင်ရင်လည်း ရေနဲ့သာ ဆေးကြောနိုင်ပါတယ်။ ၇၀ ရာခိုင်နှုန်းပါဝင်တဲ့ အရက်ပြန် သို့မဟုတ် ဆေးဝါရည်နဲ့ ဒဏ်ရာများကို သေချာစွာ သန့်စင်သင့်ပါတယ်။ အဲဒီနောက် အကိုက်ခံရပြီး (၂၄) နာရီအတွင်း တက်နိုင်သမျှ အမြန်ဆုံး ကုသမှုခံယူရန်နှင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနိုင်ရန်အတွက် လူနာအား ကျန်းမာရေး စောင့်ရှောက်မှုဌာန၊ ဆေးရုံ/ဆေးခန်းသို့ ခေါ်သွားပြီး ညွှန်ကြားချက်အတိုင်း လိုက်နာဆောင် ရွက်ရပါမယ်။”

“လူကို ခွေး၊ ကြောင်အကိုက်ခံရတိုင်း ခွေးရူးပြန်ရောဂါဖြစ်တတ်ပါသလား။  ခွေးရူးရောဂါ ကာကွယ်ဆေးမထိုးဘဲ (၁၀) ရက် စောင့်ကြည့်သင့်ပါသလားဆရာ”

“ခွေး၊ ကြောင်ကိုက်ခံရတိုင်း ခွေးရူးပြန်ရောဂါမဖြစ်တတ်ပါဘူး။ ခွေးရူးရောဂါ လက္ခဏာ ပေါ်လာပါက ကုသရန်ဆေးမရှိပါဘူး။ ဒါကြောင့် ခွေးကိုက်တိုင်း ခွေးရူးရောဂါကာကွယ်ဆေး ထိုးရင်းဖြင့်သာ ခွေးရူး/ မရူးကို (၁၀) ရက် စောင့်ကြည့်သင့်ပါတယ်။ အကယ်၍ ကာကွယ်ဆေး မထိုးဘဲ (၁၀) ရက်စောင့်ကြည့်ရင်းနဲ့ ခွေးရူးသွားပါမှ ခွေးရူးရောဂါကာကွယ်ဆေးစတင်ထိုးပါက တခါတရံ ဆေးအာနိသင်ရရှိမှု အချိန်မမီ၍ အသက်အန္တရာယ်စိုးရိမ်ရတတ်ပါတယ်။ ပုံမှန် ခွေးရူးရောဂါ ကာကွယ်ဆေးက ဆေးထိုးပြီး ၁၄ ရက်ရှိမှ ကာကွယ်ဆေးအာနိသင်စတင်ရရှိတာမို့ ခွေးကိုက်ခံရပြီး ၂၄ နာရီအတွင်း ခွေးရူးရောဂါကာကွယ်ဆေးထိုးတာ စိတ်အချရဆုံး ဖြစ်ပါတယ်။ ခွေးရူးကိုက်ခံရခြင်း၊ ဦးခေါင်း၊ လည်ပင်းနဲ့ လက်ချောင်းတို့မှာ အကိုက်ခံရခြင်းနဲ့ အကိုက်ခံရသည့် ကြီးမားများပြားတဲ့အခါ ပုံမှန်ခွေးရူးရောဂါ ကာကွယ်ဆေးအပြင် အရေးပေါ်ကာကွယ်ဆေးလို့ ခေါ်တဲ့ ပဋိပစ္စည်းခုခံအားပါပြီးသားဆေးနဲ့ အရေးပေါ်ဆေးကုသရန် လိုအပ်ပါတယ်။

“လူမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားရင် ဘယ်လိုလက္ခဏာများ တွေ့နိုင်ပါသလဲဆရာ။”

“လူမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားရင် ပထမဦးစွာ ခွေးကိုက်ခံရတဲ့နေရာမှာ နာကျင်ခြင်း၊ ယားယံခြင်းတို့ခံစားရပါတယ်။ ဖျားတာ၊ နွမ်းနယ်တာ၊ ခေါင်းကိုက်တာကို (၂) ရက်ကနေ (၄) ရက်ခန့် ခံစားရပါတယ်။ ရေကို မကြည့်ရဲတာ၊ ရေမသောက်ရဲဘဲ ကြောက်လန့်တာ၊ အသံ၊ အလင်းရောင်၊ လေတိုက်တာတို့ကို ခံနိုင်ရည်မရှိတော့တာမျိုး၊ စိတ်ဆိုးဒေါသထွက်တာ၊ သည်းမခံနိုင်တာ၊ စိတ်ဓါတ်ကျဆင်းတာမျိုး တွေ့ရပါတယ်။ ထူးကဲစွာ သွက်လက်စွာ တုန့်ပြန် တတ်ပါတယ်။ သေတော့မှာကို ကြောက်ရွံ့တာမျိုး၊ ရောဂါရင့်လာသည့်အခါ ရေကို မြင်ရုံနဲ့ လည်ပင်း၊ လည်ချောင်းတစ်လျှောက် ကြွက်သားများ ကျုံ့တာ၊ ညှစ်တာတို့ကြောင့် လည်ပင်း တစ်ဆို့ခြင်းဖြစ်တာတွေ့ရပါတယ်။ ရောဂါခံစားရသည့် ကာလအနေနဲ့ မသေဆုံးမီ အထိ (၂) ရက် (၃) ရက်ခန့်ကြာမြင့်လေ့ရှိပါတယ်။ နောက်ဆုံးမှာတော့ ဦးနှောက်အမြှေးပါးရောင်ခြင်းဖြင့် ရောဂါ ပြင်းထန်ကာ သေဆုံးသွားပါတယ်။

“ခွေးရူးရောဂါကူးစက်ခံရမှုဖြစ်စဉ်မှာ (၄၀) ရာခိုင်နှုန်း ကလေးသူငယ်တွေမှာ အဖြစ်များ တယ်လို့သိရပါတယ်ဆရာ။ ဒါကြောင့် ကလေးသူငယ်တွေအနေနဲ့ ခွေး၊ ကြောင် အကိုက် မခံရအောင်နဲ့ ခွေးရူးရောဂါကူးစက်ခံရမှုမဖြစ်အောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြ ပေးပါဦးဆရာ”

“ကလေးသူငယ်တွေအနေနဲ့ ခွေးကြောင်အကိုက်မခံရအောင် နေထိုင်နည်းတွေကို အရင် ပြောပြချင်ပါတယ်။ လမ်းဘေးလေလွင့်ခွေးတွေ့ရင် ဝေးဝေးက ရှောင်သွားရ ပါမယ်။ ခွေး၊ ကြောင်တွေကို မစပါနဲ့။ တုတ်၊ ခဲတို့နဲ့ မပစ်ပေါက်ပါနဲ့။ ခွေးကို စူးစိုက်ကြည့်တာတွေ၊ ခွေးအနားက ဖြတ်ပြေးတာမျိုးတွေ မလုပ်ရပါဘူး။ ခွေးပေါက်စ၊ ကြောင်ပေါက်စတွေအနား မသွားပါနဲ့။ ခွေး၊ ကြောင် အမေကြီးတွေက ကိုက်တတ်ပါတယ်။ ခွေးက အနားလာရင် တည်ငြိမ်စွာ ငြိမ်ငြိမ်လေးရပ်နေရပါမယ်။ မပြေးရပါဘူး။ ခွေး၊ ကြောင်မွေးမြူထားပါက ရင်းနှီးစွာ လက်ပွန်းတတီး နေထိုင်တာမျိုး၊ ဖက်ရမ်းနှမ်းရှုတ်တာမျိုးမလုပ်သင့်ပါဘူး။ ခွေး၊ ကြောင်ကို ကိုင်တွယ်ပြီးပါက လက်ကို ရေဖြင့် စနစ်တကျဆေးကြောသင့်ပါတယ်။ မွေးမြူထားတဲ့ ခွေးကြောင်တွေကို အသက် (၃-၄) လသားကစပြီး ခွေးရူးရောဂါကာကွယ်ဆေးကို နှစ်စဉ် ပုံမှန် ထိုးနှံပေးသင့်ပါတယ်။

“ခွေးရူးရောဂါကူးစက်ပျံ့နှံ့မှုမှာ လမ်းဘေးလေလွင့်ခွေးကတဆင့် ကူးစက်မှုအများဆုံး  ဖြစ်တယ်ဆိုတာသိရပါတယ်ဆရာ။ လမ်းဘေးလေလွင့်ခွေးနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက် သွားသင့်ပါသလဲဆရာ။”

“လမ်းပေါ်မှ ခွေးလေ၊ ခွေးလွင့်များနဲ့ မရောနှောမိစေရန် ဂရုစိုက်ပါ။ အပြင်သို့ ထွက်လျှင် ခွေးချီကြိုးဖြင့်သေချာချည်၍ ထွက်ပါ။ မိမိမွေးမြူထားသော အိမ်မွေး တိရစ္ဆာန်များကို အာဟာရ ပြည့်ဝသောအစားအစာများ ဝလင်စွာကျွေးပါ။ မိမိမွေးမြူထားသော ခွေး၊ ကြောင်များကို သင်းကွပ်ခြင်း၊ သန္ဓေတားဆေးထိုးခြင်းဖြင့် မလိုလားသော အကောင်ရေတိုးပွားခြင်းကို လျော့ချနိုင်ပြီး ခွေးလေ၊ ခွေးလွင့်အရေအတွက်ကို ထိန်းချုပ်ခြင်းဖြင့် ခွေးရူးရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။”

“ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဆရာတို့ဌာနအနေနဲ့ ဆောင်ရွက်နေ တဲ့အခြေအနေကို ပြောပြပေးပါဆရာ။”

“မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနဲ့ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး မျှော်မှန်း ချက်အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ်ရောက်ရင် ခွေးရူးရောဂါကြောင့် လူနဲ့ တိရစ္ဆာန်တွေမှာ သေဆုံးမှုမရှိစေရေး မျှော်မှန်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်စဉ် စက်တင်ဘာလ (၂၈) ရက် နေ့ဝန်းကျင်မှာ ခွေးရူးရောဂါတိုက်ဖျက်ရေးရက်သတ္တပတ်လှုပ်ရှားမှုအနေနဲ့ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှာ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သံသယဖြစ်ဖွယ် ခွေးရူးရောဂါဖြစ်ပွားနိုင်တဲ့ တိရစ္ဆာန်တွေရဲ့ နမူနာပစ္စည်းများရယူ၍ ခွေးရူးရောဂါဆိုင်ရာ ဓါတ်ခွဲစစ်ဆေးခြင်းကို ဇီဝလုံခြုံမှုအဆင့် (၂) ရှိတဲ့ ရန်ကုန်နှင့် မန္တလေး တိရစ္ဆာန်ရောဂါရှာဖွေရေးဓါတ်ခွဲခန်းများတွင် ဆောင်ရွက်ပေးလျက် ရှိပါ တယ်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနစတဲ့ဆက်စပ်ဌာနများနဲ့ပူးပေါင်းပြီး “တစ်ခုတည်းသော ကျန်းမာရေးချဉ်းကပ်မှုပုံစံနဲ့ “လက်တွဲညီညီပူးပေါင်းလို့ ခွေးရူးရောဂါတိုက်ဖျက်စို့” ဆောင်ပုဒ်နဲ့ အညီ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက် ရှိပါတယ်။

“ကျွန်တော်တို့သိချင်တာတွေကို နားလည်အောင် ရှင်းပြပေးလို့ ဆရာ့ကို ကျေးဇူးတင် ပါတယ်ခင်ဗျ။ 

“အခုလို စိတ်ပါဝင်စားစွာနဲ့ မေးမြန်းကြတဲ့ သားတို့ သမီးတို့အားလုံးကို ဆရာကလည်း ဝမ်းမြောက်စွာနဲ့ ကျေးဇူးတင်ပါတယ်။ ယခုဆွေးနွေးမေးမြန်းထားတဲ့ ခွေးရူးရောဂါအကြောင်း သိကောင်းစရာတွေကို သားတို့ သမီးတို့အိမ်မှာပြန်ပြောပေးကြပါ။ သားတို့ သမီးတို့ ရပ်ကွက်၊ ကျေးရွာတွေမှာလည်း အသိပညာတွေ ထပ်ဆင့်ဖြန့်ဝေပေးဖို့ ဆရာက တောင်းဆိုချင်ပါတယ်”

“အသိပညာပေးဟောပြောပွဲရဲ့ အနှစ်ချုပ်အနေနဲ့ မိမိအိမ်မှာ မွေးမြူထားတဲ့ ခွေး၊ ကြောင်များကို အသိရှိရှိနဲ့ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းက မိမိနဲ့ မိသားစုကို သာမကဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခွေးရူးရောဂါရဲ့အန္တရာယ်ကနေ ကာကွယ်နေခြင်း ဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါဖြစ်ပါက (၁၀၀) ရာခိုင်နှုန်းပြည့် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ချက်ချင်းအချိန်မီ ကာကွယ်ဆေးထိုးခြင်းဖြင့် ခွေးရူးရောဂါကို အလွယ်တကူ ကာကွယ်နိုင်ပါတယ်။ ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနဲ့ အသိပညာပေးခြင်း လုပ်ငန်းတွေမှာ သားတို့သမီးတို့လည်း တက်နိုင်တဲ့အခန်းကဏ္ဍကနေပြီး “လက်တွဲညီညီ ပူးပေါင်းလို့ ခွေးရူးရောဂါတိုက်ဖျက်စို့” ဆောင်ပုဒ်နဲ့အညီ ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူး ရောဂါကြောင့် လူနှင့် တိရစ္ဆာန်များ သေဆုံးမှုမရှိစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေး ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။”

          ယနေ့ အသိပညာပေးဟောပြောပွဲတွင် တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးမှတဆင့် ကျောင်းသားကျောင်းသူများ၏ မိဘများ၊ မိသားစုဝင်များ၊ ရပ်ရွာမှ ပြည်သူလူထုအထိပါ တစ်စုတစ်စည်းတည်း အသိပညာဖြန့်ဝေပေးနိုင်၍ ခွေးရူးရောဂါ အသိပညာများဆထက်တိုး ပြန့်ပွားပြီး ခွေးရူးရောဂါအန္တရာယ်ကို သတိပြုကာကွယ်သွားနိုင်ကြ မည်ဟု ယုံကြည်မိပါသည်။

ဒေါက်တာလှိုင်ဝင်း (မွေး/ကု)