Skip to main content

ပျဉ်းမနားမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပျဉ်းမနား ဂျွန် ၅
 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ် ရွာသစ် ကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့်ဆေးကုသရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
 
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲ၊ နွားများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်တည်တံ့ရေးဆိုင်ရာ လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားပြီး ဌာန၏လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သဘောထားစစ်တမ်းများကောက်ယူခြင်းနှင့် ဘဲမွေးမြူမှုဖွံ့ဖြိုး တိုးတက်ရေး၊ မွေးမြူရေးဒီပလိုမာနှင့်စိုက်ပျိုး၊ မွေးမြူးရေးကျောင်းများအကြောင်းကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊
ပြည်သူ့ကျန်းမာရေးဌာနခွဲ (ရုံးချုပ်)မှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက
ခွာနာလျှာနာ(FMD) ရောဂါထိန်းချုပ်ဇုန်အင်္ဂါရပ်များ၊ ခွာနာလျှာရောဂါအကြောင်း၊ နားကပ်တပ်ဆင်ခြင်း၏အရေးပါပုံနှင့်အကျိုးကျေးဇူးများနှင့် ခွေးရူးရောဂါကာကွယ် တားဆီးရေးအကြောင်းအားလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထိုက်ဖြိုးက ဝက်မွေးမြူမှုနှင့် ဝက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်ခြင်း ဆောင်ရွက်ပေးနိုင်မှုနှင့် ကူးစက်ရောဂါသတင်းပေးပို့မှုစနစ် ဆောင်ရွက်ရေး ရှင်းလင်းဟောပြောခဲ့ကြပြီးနောက် တက်ရောက်လာသည့်ဒေသခံများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ မွေးမြူရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၀ ဦး တက်ရောက်ခဲ့သည်။
 
ယင်းနောက် ကျေးရွာအတွင်းမှ နွားပိုင်ရှင် ၅ ဦး၏ နွားကောင်ရေ ၂၁ ကောင်နှင့် ​ဝက်ပိုင်ရှင် ၅ ဦး၏ ​ဝက် ၃၂ ကောင်တို့အား ကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။