အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever - ASF) ဖြစ်ပွား၍ သေဆုံးသော ဝက်သားများကို စားသုံးမိပါက လူများပါ ရောဂါကူးစက်နိုင်သည်ဟူသော မှားယွင်းသည့် ကောလာဟလသတင်းများ ပြည်သူလူထုအတွင်း ထွက်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုများမရှိစေရန်နှင့် အချက်အလက် မှန်ကန်စွာ သိရှိနိုင်စေရန် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) တို့၏ သိပ္ပံနည်းကျ အတည်ပြုချက်များအရ အောက်ပါအတိုင်း အသိပေး ရှင်းလင်းအပ်ပါသည်-
(၁) လူသားများသို့မကူးစက်ခြင်း - အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) သည် ဝက် များကိုသာ အဓိကကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး လူသားများ သို့ လုံးဝ (လုံးဝ) မကူးစက်တတ်ပါ (Not zoonotic)။ သေဆုံးသွားသော ဝက်၏ အသားကို စားသုံးမိခြင်းကြောင့် လူ၏ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်ပျက်စီး စေခြင်းမရှိပါ။
(၂) အစားအသောက်ဘေးကင်းလုံခြုံရေး (Food Safety) - ဗိုင်းရပ်စ်ကိုယ်တိုင်က လူ ကို မကူးစက်သော်လည်း ရောဂါဖြစ်ပွားသော ဝက်သားများတွင် အခြားသော ဘက်တီးရီးယားပိုးမွှားများ တွဲဖက်ပါရှိလာနိုင်ခြေရှိသဖြင့် သံသယရှိသည့် အသား နှင့် အသားထွက်ပစ္စည်းများကို ဝယ်ယူစားသုံးခြင်း မပြုပါရန်နှင့် ဝယ်ယူရာတွင် လည်း သန့်ရှင်းလတ်ဆတ်မှုကို ဂရုစိုက်ရန်နှင့် စားသုံးရာတွင် အပူချိန်လုံလောက် စွာပေး၍ အနည်းဆုံး 70°C နှင့်အထက်ဖြင့် ကျက်အောင် (စနစ်တကျ) ချက်ပြုတ် စားသုံးကြရန်လိုအပ်ပါသည်။
(၃) ဈေးကွက်အတွင်း စစ်ဆေးမှုများ - သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များအနေဖြင့်လည်း ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု ကွင်းဆက်တစ်လျှောက်တွင် ကျန်းမာရေး စစ်ဆေးမှုများကို အထူး ကြပ်မတ် လုပ်ဆောင်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အခြေအမြစ်မရှိသော ကောလာဟလသတင်းများကို မယုံကြည်ကြရန်နှင့် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ သန့်ရှင်း လတ်ဆတ်သည့် အသားများကို လုံလောက်စွာအပူပေး၍ ချက်ပြုတ်စားသုံးကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အသိပေးအပ်ပါသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန