လယ်ဝေး ဇွန် ၆
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်မွန်းလွဲ ၂ နာရီအချိန်တွင်နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးဒေါက်တာထွေးကိုကိုက နေပြည်တော်၈ မြို့နယ်တွင်ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်နှင့် ရောဂါကင်းရှင်းဇုန်များ ထူထောင်လျက်ရှိပြီး အဆိုပါဇုန်အတွင်းခွေးရူးရောဂါအားရောဂါထိန်းချုပ်နိုင်ရန်အတွက်အသိပညာပေးဟောပြောပွဲများဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက ခွေးရူးရောဂါ ကူးစက်နိုင်သည့် သတိပြုလိုက်နာရမည့်အချက်များ၊ ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်မိုးက ခွေးရူးပြန်ရောဂါအကြောင်း၊ စသည်တို့ကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ (၆၅၇)ဦး အား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီးခွေးရူးရောဂါအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများက သိလိုသည်များကို မေးခွန်းများ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီးအမှတ်တရ လက်ဆောင်များပေးအပ်ခဲ့သည်။