Skip to main content

ဇဗ္ဗူသီရိမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဇဗ္ဗူသီရိ ဇူလိုင် ၃ 
 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ အောင်ဇဗ္ဗူရပ်ကွက် နယ်မြေ ၁၁၊ အောင်ချမ်းသာကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့်ဆေးကုသရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
 
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲ၊ နွားများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်တည်တံ့ရေးဆိုင်ရာ လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားပြီး ဌာန၏လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ သဘောထားစစ်တမ်းများကောက်ယူခြင်းအားလည်းကောင်း၊ ဥတ္တရခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် မွေးမြူရေးဒီပလိုမာနှင့်စိုက်ပျိုး၊ မွေးမြူးရေးကျောင်းများအကြောင်းကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာနခွဲ (ရုံးချုပ်)မှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက
ခွာနာလျှာနာ(FMD) ရောဂါထိန်းချုပ်ဇုန်အင်္ဂါရပ်များ၊ ခွာနာလျှာရောဂါအကြောင်း၊ နားကပ်တပ်ဆင်ခြင်း၏အရေးပါပုံနှင့်အကျိုးကျေးဇူးများနှင့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးအကြောင်းအားလည်းကောင်း၊ သုတေသနအရာရှိ ဒေါက်တာသန့်ဇော်က 
ဝက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်းအားလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးထက်ထက်သာက ခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးနှံရေးနှင့် ကူးစက်ရောဂါသတင်းပေးပို့မှုစနစ် ဆောင်ရွက်ရေး ရှင်းလင်းဟောပြောခဲ့ကြပြီးနောက် တက်ရောက်လာသည့်ဒေသခံများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ မွေးမြူရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၀ ဦး တက်ရောက်ခဲ့သည်။
 
ယင်းနောက် ကျေးရွာအတွင်းမှ နွားပိုင်ရှင် ၄ ဦး၏ နွားကောင်ရေ ၅၀ ကောင်နှင့် ​ဝက်ပိုင်ရှင် ၁ ဦး၏ ​ဝက် ၃  ကောင်တို့အား ကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။