Skip to main content

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရာပြည့်နှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ

ဉီးစွာပြည်ထောင်စုဝန်ကြီးက ကြိုဆိုဂုဏ်ပြု နှုတ်ခွန်းဆက်စကားပြောကြားရာတွင် စိုက်ပျိုးရေးတက္ကသိုလ်၏ နှစ်တစ်ရာပြည့်ကာလတွင် ပညာသင်ယူဆည်းပူးခွင့်ရကြသဖြင့် ဂုဏ်ပြု ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံ၏ စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် အဆင့်မြင့် စိုက်ပျိုးရေးသိပ္ပံ ပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည့် တက္ကသိုလ်အနေဖြင့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ အချိုးညီညီ သင်ကြားပို့ချပေးလျက်ရှိရာတွင် မောင်တို့မယ်တို့အနေဖြင့် မိမိတို့ သင်ယူကြရမည့် ပညာရပ်များနှင့်အတူ ပေါင်းသင်းဆက်ဆံမှု၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေး လူမှုရေးကဏ္ဍများတွင် မိမိကိုယ်ကို စနစ်တကျထိန်းသိမ်းပြုမူနေထိုင်တတ်စေရေးကိုပါ တပါတည်းလေ့ကျင့်ဖြည့်ဆည်းသွားကြရန်လိုကြောင်း၊ ပညာသင်ယူခြင်း ကာလပြီးမြောက်၍ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဝန်ထမ်းများ၊ လက်တွေ့အသုံးချဆောင်ရွက်သော နိုင်ငံဝန်ထမ်းပညာရှင်များအဖြစ် ကျရာအခန်းကဏ္ဍများမှနေ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်အောင်မြင်စွာ ဖော်ဆောင်ပေးနိုင်ကြစေရန်ရည်သန်၍ ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မောင်မယ်သစ်လွင်ကိုယ်စားပြု ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများသည် ကျောင်းသား၊ ကျောင်းသူများနှင့် အတူနံနက်စာသုံးဆောင်ကြသည်။ နံနက်စာသုံးဆောင်နေစဉ် နောက်ဆုံးနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများက “စိမ်းလန်းစေသော်တို့ကျောင်းတော်” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

၁၉၂၄ ခုနှစ် ဒီဇင်ဘာ (၂၂) ရက်တွင် မန္တလေးမြို့၌ စိုက်ပျိုးရေးပညာကို တက္ကသိုလ်အဆင့်ဖြင့် စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ နှစ်တစ်ရာပြည့်ဖြစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သစ်လွင်မောင်မယ် (၂၁၁) ဦးတို့က ပထမနှစ်ပညာသင်ယူကြမည်ဖြစ်ပြီး စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ ယနေ့အထိ နှစ်တစ်ရာကာလအတွင်း စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) (၁၂,၉၈၃) ဦး၊ ဘွဲ့လွန် ဒီပလိုမာ (Postgrad.Dip.Ag.Sc.) (၆၅) ဦး၊ မဟာဒဿန ဘွဲ့ (M.Phil.) (၁၀) ဦး၊ မဟာသိပ္ပံဘွဲ့ (M.Agr.Sc.) (၆၆၈) ဦး၊ သုတေသနအခြေပြုပါရဂူဘွဲ့ (Ph.D. by Research) (၆) ဦး၊ ပါရဂူဘွဲ့ (Ph.D.) (၇၇) ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ် ဘက်စုံသုံးခန်းမပန္နက်တော်တင်အခမ်းအနားသို့ တက်ရောက်ကြပြီး မင်္ဂလာအချိန်တွင် သတ်မှတ်နေရာများ၌ မင်္ဂလာပန္နက်တင်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တည်ထောင်ဖွင့်လှစ်သည့် နှစ်(၂၀)ပြည့်အခမ်းအနားသို့ တက်ရောက်အားပေးကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးမျှော်မှန်းချက်ကို လက်တွေ့ဖော်ဆောင်ပေးနိုင်ရန်၊ လယ်ယာကဏ္ဍတွင် ကြုံတွေ့နေကြရသည့် လိုအပ်ချက်များ၊ အခက်အခဲများကို ဖော်ထုတ်ဖြေရှင်းပေးပြီး တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်တို့အတွက် သုတေသနပညာရပ်များဖြင့် စွမ်းဆောင်ပေးရန် ဆွေးနွေးပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြသည်။

ဆက်လက်၍ သုတေသနထူးချွန်ဆုများနှင့် ထူးချွန်ဝန်ထမ်းဆုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြရာ သက်ဆိုင်ရာဆုရပညာရှင်များ ဝန်ထမ်းများက လက်ခံရယူကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် ပေါင်းလောင်းရေလှောင်တမံ၏ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်စနစ် ယာယီရေထိန်းတံခါး Hydraulic Elevator Dam - HED တပ်ဆင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပညာရှင်များက ပေါင်းလောင်းချောင်းအတွင်း ရေစီးဆင်းမှုအခြေအနေနှင့် ရေထုထည်တိုင်းတာစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။