Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ) နွားမျိုးမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

တိရစ္ဆာန်မွေးမြူရေးဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ)တွင် ရွှေနီ၊ ပါရှန်နှင့် ဘရာမင်နွားသိုးများ မွေးမြူထားရှိပြီး မျိုးရိုးဗီဇနှင့်ပတ်သက်သော သုတေသနလုပ်ငန်း များဆောင်ရွက်ခြင်း၊ မျိုးရည်ခဲချောင်းထုတ်လုပ်ခြင်း၊ နွားစာမြက်မျိုးများ စိုက်ပျိုးထိန်းသိမ်းခြင်း၊ အသေးစားမွေးမြူရေးလုပ်ကိုင်သူများနှင့် မွေးမြူရေးခြံတည်ထောင်လုပ်ကိုင်လိုသူများအား နည်းပညာနှင့် အကူအညီပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုလဲမြို့သစ်ရှိ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန်၊ တိုင်းရင်းဆေးဝါးများတွင် အသုံးပြုလျက်ရှိသည့် ပျားရည်များ၏ အစားအစာဘေးကင်းလုံခြုံရေးနှင့် တစ်နိုင်တစ်ပိုင်မွေးမြူသူများကို စီးပွားဖြစ်မွေးမြူ ထုတ်လုပ်နိုင်သည်အထိ အားပေးကူညီရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တိုက်ကြီးမြို့နယ်ရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေး ရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း၊ တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း၊ ဦးစီးအရာရှိမြေတိုင်းသင်တန်းများသို့ တက်ရောက်လျက် ရှိကြသည့် သင်တန်းသားများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး သင်တန်းသားများ ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများဖြစ်စေရေး၊ နည်းပညာရပ်တစ်ခုချင်းအလိုက် ထူးချွန်သူများပေါ်ထွန်းလာရေး ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပြောကြားသည်။

ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲတွင် ပဲခူးတိုင်းဒေသကြီးတိုင်းအဆင့် စိုက်ပျိုးမွေးမြူရေးတာဝန်ခံများနှင့်တွေ့ဆုံ၍ ဒေသဝမ်းစာဖူလုံပိုလျှံရေး၊ မိုးစပါး၊ နွေစပါးနှင့်ပဲမျိုးစုံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်သာမက နိုင်ငံတကာတွင် လက်ရှိ ဖြစ်ပေါ်နေသော စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ရာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံနေကြာ၊ နှမ်းနှင့်ဆောင်းမြေပဲ တိုးချဲ့စိုက်ပျိုး နိုင်ရေး၊ အသားကဏ္ဍ မွေးမြူရေးလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။