Skip to main content

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒုတိယဝန်ကြီး ဦးမင်းသူတို့က ဆွေးနွေးဆောင်ရွက်သွားမည့် အမျိုးသားမြေဥပဒေမူကြမ်းပါ အချက်များနှင့် စပ်လျဉ်း၍ရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းနှင့်ပတ်သက်၍ အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပဉ္စမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းများကို တင်ပြသည်။

ထို့နောက် ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များက ဥပဒေမူကြမ်း၏ တစ်ခန်းချင်းအလိုက် ရေးသားပြုစုထားမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။

ရေးဆွဲ ပြုစုလျက်ရှိသည့် အမျိုးသားမြေဥပဒေတွင် လက်ရှိကျင့်သုံးလျက်ရှိသော ဥပဒေများ၌ မြေနှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ဖော်ပြချက်များနှင့် ဥပဒေချင်း ဝိရောဓိဖြစ်နေသောအချက်များရှိပါက ဖြေရှင်းပေးနိုင်မည့် အချက်များ ထည့်သွင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအကြမ် အစည်းအဝေးတွင် မြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်နှင့် လုပ်ငန်းအချိန်ကာလသတ်မှတ်မှုတို့ကို အကြမ်းစတင်ဆွေးနွေးခဲ့ကြပြီး လှည့်လည်စာတွဲနှင့် ထပ်မံအကြံပြုခဲ့မှုများအပေါ် အချောသတ်ပြုစု၍ လုပ်ငန်းကော်မတီသို့ တင်ပြပေးနိုင်ခဲ့ကြောင်းနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အပြီးသပ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိသည်။