Skip to main content

တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာ တစ်နှစ်သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအောင်မြင်ပြီးမြောက်ပါက တိရစ္ဆာန်ဆေးကုဒီပလိုမာ (Dip.V.Sc) ဘွဲ့ကို ပေးအပ်ချီးမြှင့်မည်

မွေးမြူရေးကဏ္ဍအတွက် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာတစ်နှစ်သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ရာ အဆိုပါသင်တန်းအောင်မြင်ပြီးမြောက်ပါက တိရစ္ဆာန်ဆေးကုဒီပလိုမာ (Dip.V.Sc) ဘွဲ့ကို ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း၊ သိပ္ပံဘွဲ့ရရှိထားသူဌာနတွင်းမှ သင်တန်းသား ၂၀ နှင့် သိပ္ပံဘွဲ့ရရှိထားသူ ပြင်ပသင်တန်းသား ၄၀ တို့ တက်ရောက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲ၊ တိရစ္ဆာန်ကာကွယ်ဆေးထုတ်လုပ်ရေးဌာနစု၊ ဗက်တီးရီးယားဌာနစိတ်၏ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်မှုလုပ်ငန်းများ၊ ရောဂါထိန်းချုပ်နိုင်မှုအခြေအနေနှင့် သုတေသနဆိုင်ရာ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

တွေ့ဆုံဆွေးနွေး

ထို့နောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ခိုင်းကျွဲ၊ ခိုင်းနွား မျိုးကောင်းများ ထုတ်လုပ်မွေးမြူ ထိန်းသိမ်းရန်၊ တိရစ္ဆာန်ကောင်ရေ အရင်းအမြစ်များ မပြုန်းတီးစေရေးနှင့် တိုးပွားရေးအတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် မျိုးရိုးဗီဇရှိတိရစ္ဆာန်များ ဖော်ထုတ်ထိန်းသိမ်းရန်၊ ကျေးလက်ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအထိ အားပေးမြှင့်တင်ဆောင်ရွက်ရန်၊ တိရစ္ဆာန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် သာကေတစက်မှုဇုန်ရှိ မြန်မာရွှေဇာမဏီ ကုမ္ပဏီလီမိတက်၏ ငါးမုတ်၊ ငါးတံခွန်၊ ငါးသင်းဝါ၊ ငါးရွှေ၊ ငါးခွေးရှာနှင့် ငါးခေါင်းပွငါးများ အေးခဲထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာစျေးကွက်တွင် အကောင်းဆုံးထုတ်ကုန်များ တင်ပို့နိုင်ရန် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ သင်တန်းပေးလေ့ကျင့်၍ ကျွမ်းကျင်စက်ရုံလုပ်သားများ ပျိုးထောင်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။