Skip to main content

တပ်ကုန်းမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ကုသလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ညောင်ကုန်းကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ကုသလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မတ်လ ၂၀ ရက်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှင်းလင်းဟောပြောခြင်း

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲနွားကောင်ရေစာရင်းတိကျမှန်ကန်မှုရှိစေရန်၊ ကျွဲနွားများ ရောဂါကင်းရှင်းစေရေးနှင့်ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျွဲနွားပိုင်ဆိုင်မှု ခိုင်မာစေရန် ရှင်းလင်းပြောကြားပြီး ဥတ္တရခရိုင်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊မွေးမြူရေးဒီပလိုမာကျောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုအထက်တန်းကျောင်းအကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။

 

 

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှပြည်သူ့ကျန်းမာရေးဌာနခွဲ (ရုံးချုပ်)မှ တိရစ္ဆာန်ရောဂါစူးစမ်းလေ့လာရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ သုတေသနအရာရှိ ဒေါက်တာ လှိုင်ဝင်းက နေပြည်တော် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန် အင်္ဂါရပ်များ၊နားကပ်အမှတ် အသားတပ်ခြင်း အကျိုးကျေးဇူးများ၊အရေပြားအကျိတ်နာရောဂါနှင့် ခွေးရူးရောဂါအကြောင်းအား ဟောပြောခဲ့ပြီး သုတေသနအရာရှိ ဒေါက်တာသန့်ဇော်ကခွာနာလျှာနာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများအား ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာကောင်းစိုးစံက တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားသတင်းပေးပို့မှု အကြောင်း ရှင်းလင်းဟောပြောခဲ့ကြပါသည်။ထို့နောက် တက်ရောက်လာသည့် ဒေသခံများသိသင့်သိထိုက်သော မွေးမြူရေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ကျေးရွာအတွင်းမှ နွားပိုင်ရှင် ၁၁ ဦး၏ နွားအကောင်ရေ ၂၃ ကောင်အား ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ကြောင်းသိရသည်။