Skip to main content

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေစီမံကိန်း(၂၀၂၁)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းအောင်မြင်စွာပြီးမြောက်ကြောင်းကြေညာခြင်း အခမ်းအနားကျင်းပ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) စီမံကိန်းလုပ်ငန်းများ အောင်မြင် ပြီးမြောက်ကြောင်းကြေညာခြင်း အခမ်းအနားကို ယနေ့ နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်) နှင့် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စီမံကိန်းတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထည့်သွင်းတည်ဆောက်နိုင်ခဲ့

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါနှင့် တိရစ္ဆာန်နှင့်လူအကြား အပြန်အလှန်ကူးစက် တတ်သောရောဂါများ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီမံကိန်း၏ အောင်မြင်မှု အထူးပြယုဂ်အနေဖြင့် မိမိတို့ဌာတွင် အမှန်တကယ်လိုအပ်နေသော အအေးခန်းသိုလှောင်ရုံကြီး ငါးခုနှင့် အရန်မီးစက်ငါးလုံးတို့ကို ကာကွယ်ဆေးများထုတ်လုပ်လျက်ရှိသည့် ရန်ကုန်နှင့် ပြင်ဦးလွင်ရှိ ဓါတ်ခွဲခန်းများနှင့် ကာကွယ်ဆေးများ အရေးပေါ်သိုလှောင်ရသည့် နေပြည်တော်ရုံးချုပ် တို့တွင် တည်ဆောင်နိုင်ခဲ့ကြောင်း၊ ထို့အပြင်ဓါတ်ခွဲခန်း၊ ကွန်ရက်စနစ်များကိုလည်း တည်ထောင်နိုင်ခဲ့ပြီး ကာကွယ်ဆေးများ အရည်အသွေးကောင်းမွန်စွာထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည့် ဆေးစမ်း တိရစ္ဆာန်အဆောက်အအုံ နှစ်လုံးကိုလည်း ထည့်သွင်း တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆေးစမ်းတိရစ္ဆာန်များ ဇီဝလုံခြုံမှုကောင်းမွန်စွာ မွေးမြူနိုင်ခြင်း၊ Animal welfare နှင့်အညီ ထိန်းသိမ်းမွေးမြူစမ်းသပ်နိုင်ခြင်းတို့ကြောင့် ကာကွယ်ဆေးထုတ်လုပ်ရေး ဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးကို အထောက်အကူ ပြုနိုင်ခဲ့ပါကြောင်း၊ တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရန် ကာကွယ်ဆေးများကို ပြည်တွင်း၌ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စဉ်ဆက်မပြတ် ဆက်လက်ထုတ်လုပ်သွားနိုင်မည် ဖြစ်၍ မိမိတို့နိုင်ငံအပြင် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအတွက်လည်း အထူးအကျိုးပြု ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စီမံကိန်း ောင်ရွက်ရန် ခွင့်ပြုထောက်ပံ့ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ နိုင်ငံမှ မဲခေါင်-လန်ချန်း ဦးဆောင်အဖွဲအစည်းအဖြစ် တာဝန်ယူပူးပေါင်းဆောင်ရွက်ပေးကြပါသော သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ဒုတိယအတွင်းဝန် Mr. Zheng Zhihong (မစ္စတာကျန်ကျိဟုန်) က စီမံကိန်းလုပ်ငန်းများ အောင်မြင် ပြီးမြောက် ခဲ့ခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားသည်။

 အမှတ်တရလက်ဆောင် ပေးအပ်

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး ဒုတိယအတွင်းဝန် Mr. Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်) ကို အမှတ်တရလက်ဆောင် ပေးအပ်သည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က စီမံကိန်း တာဝန်ခံကို အမှတ်တရလက်ဆောင်ပေးအပ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စတုတ္တအကြိမ်မြောက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရခဲ့သည့် စီမံကိန်း (၄) ခုတွင် ပါဝင်သည့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်းသည် (၂၀၂၁) ခုနှစ်၊ နိုဝင်ဘာတွင် စီမံကိန်းစတင်ကြောင်း အသိပေးကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် စီမံကိန်း ပြီးစီးခဲ့ကြောင်း သိရသည်။