Skip to main content

လူမှုစီးပွားဘဝ မြင့်မားတိုးတက် လာစေရန် နှင့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်

ကျေးလက် နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက် လာစေရန် နှင့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရန် ဧပြီလ(၆)ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ လယ်ဝေးမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးမှ ပြည်တွင်းရှိ အသေးစား အငယ်စား နှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ခိုင်မာသော ဈေးကွက် ဖော်ဆောင် နိုင်ကြစေရန်၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမို တိုးတက်ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်း ဖန်တီးပေးပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဒေသနေ ပြည်သူများ၏ လူမှု စီးပွားဘဝမြင့်မား တိုးတက် လာစေရန် တို့ကို ရည်ရွယ် ၍ နေပြည်တော် ကောင်စီနယ်မြေ အပါ အဝင် တိုင်းဒေသကြီး ပြည်နယ် အသီးသီးတွင်(အသားကဏ္ဍ) မွေးမြူရေးကျေးရွာများကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ လုပ်ငန်းစဉ် တစ်လျှောက် လုပ်ငန်းဆောင်ရွက်မှုများ ချောမွေ့စေရန်၊ မွေးမြူသူများ အတွက် အကောင်းဆုံး အကျိုးအမြတ် ရရှိနိုင်စေရန်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့မှ စောင့်ကြည့် လေ့လာ သုံးသပ်၍ လိုအပ်သည်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်သူ အားလုံးတို့က ကျရာအခန်း ကဏ္ဍများ က ကြိုးပမ်း အားထုတ် ပေးကြရန် တိုက်တွန်း ပါကြောင်းဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တိုင်းတာဝန်ခံမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ မွေးမြူရေး ကဏ္ဍတွင် ဌာနများမှ ကူညီပံ့ပိုးမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်း တင်ပြသည်။ ၎င်းနောက် တက်ရောက်လာကြသည့် မွေးမြူရေးတောင်သူများမှ မွေးမြူရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲ အတေွ့အကြုံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ကန်စွန်းခင်းရွာ၊ မွေးမြူရေးတောင်သူ ဦးမြင့်ထူး၏ အသားစားကြက်ကောင်ရေ (၅၀၀၀)မွေးမြူထားရှိမှုကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်၊ ရသေ့တောင်ကျေးရွာ၊ မွေးမြူရေးတောင်သူ ဦးမျိုးသူရ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူထားသည့် အသားတိုးကြက်ကောင်ရေ(၆၀၀၀) နှင့် အသားတိုးဝက် မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေး ၊ မွေးမြူရေး ကဏ္ဍ နှစ်ရပ်မှ ဝင်ငွေ တိုးတက်ခံစားရနိုင်မှု အခြေအနေ၊ ဘက်စုံ စိုက်ပျိုးမွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့လာနိုင်သည့်ပိုးမွှားရောဂါ ကျရောက်မှု၊ ရာသီဥတုဒဏ် ကျော်လွှားရေးတွင် ဇီဝလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ချက် များ၊  လယ်ယာဘေးထွက် ပစ္စည်းများမှတိရစ္ဆာန်အစာ ဖြည့်ဆည်းပေးနိုင်မှုနှင့်  တိရစ္ဆာန် အညစ်အကြေးမှ သဘာဝ မြေဩဇာအဖြစ် အသုံးပြုမှုများ ပါဝင်သည့် လှည့်ပတ်သုံးစွဲ နည်းစနစ်အားပီပြင်စွာ ဖြစ်ပေါ် လာရေး၊ နိုင်ငံတော် ၏ အသား ထုတ်လုပ်မှုကဏ္ဍ တန်ဖိုး တိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ် များစွာ တည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက် သူများ ကူးစက် ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအလေးထား ဆောင်ရွက်ရန် လိုအပ် ချက်များ ၊ မွေးမြူရေး ထွက်ကုန်များ ပြည်တွင်း စားသုံးမှု ဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှုတိုးမြှင့်နိုင်ရေး ဆိုင်ရာများကို မှာကြားခဲ့ကြောင်း သိရသည်။