Skip to main content

တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ်ပြ

တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ် ပြပွဲ ကို မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် နို့စားနွားမွေးမြူရေးသရုပ်ပြ နှင့် မျိုးဖြန့်ဖြူးရေးခြံ ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဌာနတာဝန်ရှိသူများ ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူတောင်သူများ တက်ရောက်ကြသည်။ 

မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က အမှာစကား ပြောကြားရာ၌ စီးပွားဖြစ်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများတွင် စုစုပေါင်း ကုန်ကျစရိတ် ၏ ၇၀ ရာခိုင်နှုန်းရှိသည့် အစာကုန်ကျစရိတ်ကို လျှော့ချနိုင်ရေးသည် အရေးကြီးဆုံး အချက်တစ်ခု ဖြစ်ကြောင်း၊ ပြည်ပမှ အစာကုန်ကြမ်းများတင်သွင်းနေမှုကို လျှော့ချနိုင်ရန် နှင့် ပြည်တွင်း ၌ ထွက်ရှိသည့် မွေးမြူရေးအစာ ကုန်ကြမ်းများဖြင့် အာဟာရ ဓာတ်များ ညီညွတ်မျှတစွာ ပါဝင်ပြီး အရည်အသွေးပြည့်မီသော တိရစ္ဆာန်အစာများကို ထုတ်လုပ်နိုင် ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ယနေ့ ပြုလုပ်ကျင်းပသည့် သရုပ်ပြပွဲတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူသော တောင်သူများအား တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်း နှင့် ကျွေးမွေးခြင်းကို လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးပေး မည်ဖြစ်ကြောင်း၊ မွေးမြူရေးတောင်သူများအနေဖြင့် သိရှိလိုသည်များမေးမြန်းသွားကြပြီး မိမိတို့ မွေးမြူထားကြသည့် တိရစ္ဆာန်များ၏ အသား နှင့် နို့ထုတ်လုပ်မှု တိုးတက်စေရန် အာဟာရပြည့် တိရစ္ဆာန်အစာတွေ ကျွေးမွေးနိုင်မည့် နည်းလမ်းများကို လက်တွေ့ အသုံးပြု ဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ 

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း နှင့် တာဝန်ရှိသူများက တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ သိုလှောင်ခြင်း နှင့် ကျွေးမွေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး လက်တွေ့သရုပ်ပြသကြရာ မွေးမြူရေးတောင်သူများက သိရှိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြ သည်။ဆက်လက်၍ မွေးမြူရေးလုပ်ငန်းရှင်များနှင့်မွေးမြူရေးတောင်သူများ၏ နို့စားနွား မျိုးဖြန့်ဖြူးရေးခြံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ မိုးရေကောင်းစွာရရှိသည့် မိုးရာသီကာလများတွင် တိရစ္ဆာန်များ အတွက် အာဟာရ ပြည့်ဝသော မြက်၊ ပြောင်း စသည့် အစာစိမ်းများ ရရှိသောကြောင့် တိရစ္ဆာန်များ ၏ ကြီးထွားနှုန်းကောင်းမွန်သဖြင့် ထုတ်လုပ်မှုမြင့်မားသော်လည်း ခြောက်သွေ့ ကာလများ နှင့် ရေရှားပါးသည့် ဒေသများတွင် တိရစ္ဆာန်အစာပင်များ ဖြစ်ထွန်းမှု မရှိခြင်း ၊ တိရစ္ဆာန် အစာပင်များကောင်းစွာရှင်သန်ဖြစ်ထွန်းရန်ခက်ခဲခြင်း၊ တိရစ္ဆာန်အစာပင်များထုတ်လုပ်ရန် စရိတ် ကြီးမြင့်ခြင်းတို့ကြောင့် မွေးမြူရေးလုပ်ငန်း အတွက် လိုအပ်သော တိရစ္ဆာန်အစာ ပမာဏကို အလုံအလောက်ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိရာ စပါး စိုက်ပျိုး သည့် ဒေသတိုင်း တွင် အလွယ်တကူရရှိနိုင်သော ကောက်ရိုးများကို ပြုပြင်ကျွေးမွေးနိုင်ရေး နှင့် ပြောင်းသီးနှံ ဘေးထွက်ပစ္စည်းဖြစ်သည့် ပြောင်းရိုးများ ၊ တိရစ္ဆာန်အစာပင်များကို တိရစ္ဆာန် အစာ ချဉ်ဖတ် ပြုလုပ်အသုံးပြုနည်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ဖြန့်ဝေပေး လျက်ရှိကြောင်း၊ တိရစ္ဆာန်အစာ ချဉ်ဖတ်ကို စနစ်တကျပြုလုပ်သိုလှောင်ထားမည်ဆိုပါက ရာသီဥတုအပေါ်မူတည်၍ (၂)နှစ်မှ (၁၀)ခန့်အထိ သိုလှောင်ကျွေးမွေးနိုင်မည်ဖြစ်၍ မွေးမြူရေးလုပ်ငန်းများတွင် ကြုံတွေ့ရလျက်ရှိသည့် အာဟာရပြည့်ဝသော အစာစို ရှားပါး မှုကြောင့် အသားနှင့်နို့ထုတ်လုပ်မှုလျော့ကျခြင်း၊ မျိုးပွားမှုထိခိုက်ခြင်း တို့ကို ကျော်လွှား နိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးကို များစွာ အထောက်အကူပြုစေနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။