Skip to main content

လယ်ဝေးမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသရေးလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မတ်လ ၂၆ ရက်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

ဟောပြောပွဲတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲနွားကောင်ရေစာရင်း၊ တိကျမှန်ကန်မှုရှိစေရန်၊ ကျွဲနွား မွေးမြူရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျွဲနွားများ ရောဂါကင်းရှင်းစေရေးနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျွဲနွားပိုင်ဆိုင်မှု ခိုင်မာစေရန် ရှင်းလင်းပြောကြားပြီး လယ်ဝေးခရိုင်ဦးစီးမှူး ဒေါက်တာဝင်းမြင့်သိန်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့်ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအကြောင်း၊ နွားမျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရေးအတွက် နွားများအား မိရိုးဖလာသားစပ်နည်းအစားမေထုန်မဲ့သားစပ်နည်းဖြင့် ဆောင်ရွက်ရန် အသိပညာပေး ရှင်းလင်းပြောကြားသည်။

 

 

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှပြည်သူ့ကျန်းမာရေးဌာနခွဲ (ရုံးချုပ်)မှ တိရစ္ဆာန်ရောဂါစူးစမ်းလေ့လာရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာ သုတေသနအရာရှိ ဒေါက်တာ လှိုင်ဝင်းနှင့် ဒေါက်တာသန့်ဇော်တို့က နေပြည်တော် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန် အင်္ဂါရပ်များ၊နားကပ်အမှတ်အသားတပ်ခြင်း အကျိုးကျေးဇူးများ၊ ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ခွေးရူးရောဂါအကြောင်းအား ဟောပြောကြသည်။ ထို့နောက်ဥတ္တရခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးဒီပလိုမာကျောင်းနှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုအထက်တန်း ကျောင်းများဖွင့်လှစ်နေမှုများကို ရှင်းလင်းဟောပြောသည်။ ထို့နောက်ကျေးရွာနေပြည်သူများအား မွေးမြူရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ၍ကျေးရွာအတွင်းရှိ နွား ၂၄ ကောင်နှင့် ဝက် ၂၇ ကောင်ကို လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။