ဌာနအကြောင်း
၁။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ နောက်ခံသမိုင်း
မြန်မာနိုင်ငံ၏ တိရစ္ဆာန်ဆေးကုသမိုင်းစာမျက်နှာကို အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီး ၁၈၇၀ ခုနှစ်ဝန်းကျင်ခန့်တွင် ဖွင့်လှစ်ကြည့်ပါက တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အင်္ဂလိပ်စစ်တပ်မှ တာဝန်ယူဆောင်ရွက်သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ အင်္ဂလိပ်စစ်တပ်တွင် မြင်းတပ်နှင့် ဝန်တင်ပို့ဆောင်ရေးတပ်များ ဖွဲ့စည်းပါရှိလာသဖြင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လုပ်ငန်းဆက်စပ်မှုအရ အင်္ဂလိပ်စစ်တပ်ရှိတိရစ္ဆာန်ဆေးကုအရာရှိနှင့် အခြားအဆင့်ကျွမ်းကျင်သူများက တာဝန်ယူဆောင်ရွက်ကြခြင်းဖြစ်သည်။
ထိုစဉ်ကာလက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ကျွဲ ၊ နွားကျောက်ကပ်ရောဂါကူးစက်ပျံ့နှံ့၍ သေပျောက်မှုများသဖြင့် ကော်မရှင်ဖွဲ့စည်းစစ်ဆေးရာတွင် အစီရင်ခံစာ၌ လယ်ယာသုံးခိုင်းကျွဲနွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ထည့်သွင်းဖော်ပြသဖြင့် တိရစ္ဆာန်ဆေးကုဌာနဖွင့်လှစ်ရန် အကြောင်းရင်းခံဖြစ်ခဲ့ပြီး ၁၈၇၄ ခုနှစ်တွင် အင်္ဂလိပ်စစ်တပ်မှ တာဝန်ယူဖွင့်လှစ်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လယ်ယာသုံး ခိုင်းကျွဲနွားကောင်ရေများပြားခြင်းကြောင့် အင်္ဂလိပ် စစ်တပ်မှ တိရစ္ဆာန်ဆေးကုကျွမ်းကျင်သူများဖြင့် လုပ်ငန်းနိုင်နင်းမှုမရှိသဖြင့် ၁၈၇၆ ခုနှစ်တွင် တိရစ္ဆာန်ဆေးကုအတတ်သင်ကျောင်းကို ဖွင့်လှစ်၍ မြန်မာနိုင်ငံသားတိရစ္ဆာန်ဆေးကုလက်ထောက်ဆရာများကို လေ့ကျင့်မွေးထုတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် တိရစ္ဆာန်ဆေးကုလက်ထောက်ဆရာများ၏ အခန်းကဏ္ဍသည် အစဉ်အလာကောင်းများရှိခဲ့ပြီး အင်္ဂလိပ်ကိုလိုနီခေတ် ၁၈၆၇ ခုနှစ်က သန္ဓေတည် ဖွင့်လှစ်ခဲ့သော တိရစ္ဆာန်ဆေးကု အတတ်သင်ကျောင်းကို လွတ်လပ်ရေးအကြို ၁၉၄၇ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ တိရစ္ဆာန်ဆေးကု သိပ္ပံကျောင်းအမည်သို့ ပြောင်းလဲ၍ သင်တန်းကာလကို (၁)နှစ်သင်တန်းမှ (၂) နှစ် သင်တန်းအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး တက္ကသိုလ်ကို ၁၉၅၇ ခုနှစ် စက်တင်ဘာလ (၂၄)ရက်တွင် စတင်ဖွင့်လှစ် တိရစ္ဆာန်ဆေးကုပညာရှင်များပေါ်ထွက်လာပြီဖြစ်သဖြင့်တိရစ္ဆာန်ဆေးသိပ္ပံကျောင်းကို (၂၁)ကြိမ်မြောက် သင်တန်းဖွင့်လှစ်အပြီး ၁၉၇၅ ခုနှစ် နိုဝင်ဘာလကုန်တွင် ပိတ်သိမ်းခဲ့သည်။ အင်္ဂလိပ်ကိုလိုနီခေတ်အတွင်း ဖွင့်လှစ်ခဲ့သည့် သင်တန်းများ အပါအဝင် တိရစ္ဆာန်ဆေးကုလက်ထောက်ဆရာ (၁၂၀၀)ခန့်မွေးထုတ်နိုင်ခဲ့ပြီး တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်း ပိတ်သိမ်းချိန်တွင် ဌာနအတွင်း သင်တန်းဆင်းဝန်ထမ်း (၈၀၀) ကျော်ခန့် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း မှတ်တမ်းများအရ သိရှိရသည်။
အင်္ဂလိပ်ကိုလိုနီခေတ် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ဆေးကုသမိုင်းစာမျက်နှာကို ပြန်ပြောင်းကြည့်သော် မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးကုသရေးဌာနခွဲကို ၁၈၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရှိရသည်။ အင်္ဂလိပ်စစ်တပ်မှ Colonel Evans အား တိရစ္ဆာန်ဆေးကုသရေးဌာနခွဲသို့ ပြောင်းရွှေ့ခန့်ထား၍ စီမံအုပ်ချုပ်စေခဲ့သည်။ ၁၉၄၇ ခုနှစ်ကုန်တွင် အင်္ဂလိပ်အရာရှိများ အငြိမ်းစားယူကြပြီး မြန်မာနိုင်ငံသား ဘတ္တာချာချီ (James Baltercherjes M.R.C.V.S) ညွှန်ကြားရေးဝန်ဖြစ်လာသည်။ မြန်မာနိုင်ငံသားထဲမှ ညွှန်ကြားရေးဝန် တာဝန်ထမ်းဆောင်ခဲ့သူများမှာ ဘတ္တာချာချီ(၁၉၄၈-၁၉၅၁)၊ ဦးကြိုင်(၁၉၅၂-၁၉၅၃)၊ ဦးစောလှဦး (၁၉၅၃-၁၉၅၄)၊ ဦးထွန်းလှိုင် ( ၁၉၅၄-၁၉၅၈)၊ ဦးထွန်းအောင် ( ၁၉၅၈-၁၉၆၂)၊ ဦးကျော်ဇောအောင် ( ၁၉၆၂-၁၉၆၃) နှင့် ဦးသော် (၁၉၆၃-၁၉၇၅) တို့ ဖြစ်ကြသည်။
၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေးလုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန်ဆေးကုသရေးနှင့်မွေးမြူရေးဦးစီးဌာနမှခွဲထွက် ၍ မွေးမြူရေးလုပ်ငန်းကော်ပိုရေးရှင်း (မွေးမြူရေး၊ အစားအစာနှင့်နို့ထွက်ပစ္စည်းလုပ်ငန်း)ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့် သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင် သတ်မှတ်ခဲ့ပါသည်။
(၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသော နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ်(၁၉/၂၀၀၇)မှမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်အောက်တွင် ပျားလုပ်ငန်းဌာနကိုသွတ်သွင်းဖွဲ့စည်းရန်သဘောတူခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၏ ဖွဲ့စည်းပုံအား စာရင်းရှင်းလင်း ဖျက်သိမ်းပြီး မွေးမြူရေးဌာနခွဲအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်အောက်သို့ (၃-၄-၂၀၁၄) ရက်တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၁၄)မှ သဘောတူခွင့်ပြုပြီး မွေးမြူရေး၊ အစားအစာနှင့်နို့ထွက်ပစ္စည်းလုပ်ငန်းမှ အရာထမ်း(၅၆) ဦး၊ အမှုထမ်း (၁၀၀) ဦး ၊ စုစုပေါင်း (၁၅၆) ဦး အားသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၆၅၄) ဦး၊ အမှုထမ်း (၃၄၄၉)ဦး စုစုပေါင်း (၄၁၀၃) ဦးဖြင့် ဖွဲ့စည်းပုံတိုးမြှင့်ခဲ့ပါသည်။ (၉-၆-၂၀၁၆)ရက်တွင်ကျင်းပပြုလုပ်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၁၆) သဘောတူခွင့်ပြုချက်အရ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအား အရာထမ်း (၉၇၈) ဦး၊ အမှုထမ်း (၃၇၈၉) ဦး စုစုပေါင်း (၄၇၆၇) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၂။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မျှော်မှန်းချက်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့်အညီသားငါးကဏ္ဍနှင့်ကျေးလက်ဒေသများစဉ်ဆက်မပြတ်ဖွံ့ဖြိုးလာစေရန်နှင့်မြို့ပြကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များကျဉ်းမြောင်းလာစေရန် မျှော်မှန်းပါသည်။
၃။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရည်မှန်းချက်ပန်းတိုင်
(က) ပြည်တွင်းအသားစားသုံးမှုဖူလုံစေရန်နှင့်ပိုလျှံသည်များကိုပြည်ပသို့တင်ပို့ရန်။
(ခ) လယ်ယာကဏ္ဍလိုအပ်ချက်နှင့်အညီခိုင်းကျွဲနွားကောင်းများထုတ်လုပ်မွေးမြူထိန်းသမ်းရန်။
(ဂ) တိရစ္ဆာန်ကောင်ရေအရင်းအမြစ်များမပြုန်းတီးရေးနှင့် တိုးပွားရေး၊ဒေသရေမြေရာသီဥတုတို့နှင့် ကိုက်ညီသည့်မျိုးဗီဇရှိတိရစ္ဆာန်များဖော်ထုတ်ထိန်းသိမ်းမွေးမြူရန်။
(ဃ) ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးမှုကိုတစ်ပိုင်တစ်နိုင်မွေးမြူထုတ်လုပ်ဖွံ့ဖြိုးမှုအရအထောက်အကူပြုရန်။
(င) မွေးမြူထုတ်လုပ်မှုများကို အရည်အသွေးအရအိမ်နီးချင်းနိုင်ငံများ၏ ထုတ်လုပ်မှုအဆင့်အတန်းနှင့်ညီညွတ်မှုရှိရန်။
(စ) အရင်းအနှီးတတ်နိုင်သူများအား စီးပွားဖြစ်မွေးမြူထုတ်လုပ်ရေးအားပေးကူညီရန်နှင့် ရင်းနှီးမြှုပ်နှံမှုအတွက်စည်းရုံးဖိတ်ခေါ်ခြင်းကိုတိုးတက်ဆက်သွယ်ဆောင်ရွက်ရန်။
(ဆ) တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်နှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များနှင့်ညီညွတ်မှုရှိရန်။
(ဇ) မွေးမြူကုန်ထုတ်မှုဆိုင်ရာလူမှုစီးပွားရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန်နှင့်ပြည်ပဆက်သွယ်ရေးတိုးမြှင့်ရန်။
၄။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ
(က) တစ်နိုင်ငံလုံးအသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊
(ခ) တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများကောက်ယူပြုစုခြင်း၊
(ဂ) တိရစ္ဆာန်ရောဂါကာကွယ်၊ကုသဆေးများထုတ်လုပ်ခြင်းနှင့် ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဃ) စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
(င) မျိုးကောင်းမျိုးသန့်တိရစ္ဆာန် တိုးပွားရေးအတွက် မေထုန်မဲ့သားစပ်လုပ်ငန်းဆောင်ရွက်ခြင်း၊
(စ) မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ သုတေသနလုပ်ငန်းများနှင့်ဓာတ်ခွဲခန်းလုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဆ) ပုဂ္ဂလိကမွေးမြူရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက် မွေးမြူရေးဇုန်များ ဖော်ထုတ်ဆောင်ရွက်ခြင်း၊
(ဇ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများတွင် မွေးမြူရေးနှင့်သားငါးကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊
(ဈ) တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ပို့ကုန်/သွင်းကုန် စစ်ဆေးထောက်ခံခြင်း၊ တိရစ္ဆာန်ကျန်းမာရေး ထိန်းသိမ်းစစ်ဆေးရေးစခန်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့် နယ်စပ်ဖြတ်သန်းသွားလာစစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ခြင်း၊
(ည) တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ မွေးမြူရေးဘဏ်စနစ်အရ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊
(ဋ) နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဘိန်းအစားထိုးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဌ) စံပြမွေးမြူရေးခြံများထူထောင်၍ သိပ္ပံနည်းကျမွေးမြူထုတ်လုပ်မှုဆောင်ရွက်ခြင်း။
၅။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏မူဝါဒများ
(က) မြေယာအသုံးချမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ
(ခ) သွင်းအားစုများဆိုင်ရာမူဝါဒ
(ဂ) ငွေကြေးအရင်းအနှီးဆိုင်ရာမူဝါဒ
(ဃ) သုတေသန၊ ဖွံ့ဖြိုးမှုနှင့်နည်းပညာဖြန့်ဖြူးခြင်းဆိုင်ရာမူဝါဒ
(င) ဈေးကွက်၊တန်ဖိုးမြင့်ကုန်ထုတ်လုပ်ခြင်းနှင့် ပြည်ပတင်ပို့ရောင်းချခြင်းဆိုင်ရာမူဝါဒ
(စ) အုပ်ချုပ်မှု၊အဖွဲ့အစည်းများနှင့်လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒ
(ဆ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာမူဝါဒ
၆။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏လုပ်ငန်းစဉ်
(က) မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများကိုမွေးမြူရေးဇုန်များအဖြစ်ဖော်ထုတ်လုပ်ကိုင်နိုင်ရေးအားပေး၍ လက်ရှိလုပ်ပိုင်ခွင့်ရပြီးသောမွေးမြူရေးဇုန်များတွင်တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဈေးကွက်ရရှိရေးဆောင်ရွက်ခြင်း။
(ခ) မွေးမြူရေးလုပ်ငန်းများကိုအကျိုးတူပူးပေါင်းဆောင်ရွက်သည့်စနစ်ဖြင့်မွေးမြူနိုင်ရန်ကုမ္ပဏီများ၊လုပ်ငန်းရှင်များနှင့်ဆက်စပ်လုပ်ကိုင်ဆောင်ရွက်ခြင်း။
(ဂ) ကျေးလက်မွေးမြူရေးအစုအဖွဲ့များကို ကျေးရွာနှင့်မြို့နယ်များအလိုက်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်၍ မွေးမြူကုန်ထုတ်သမဝါယမအသင်းများဖြစ်ရန်ဆောင်ရွက်ခြင်း။
(ဃ) ပြည်သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်ပြည်သူဝန်ဆောင်မှုရုံး One Stop Shop(OSS)များခရိုင်ရုံးစိုက်ရာ(၇၃)မြို့တွင် ထူထောင်ဖွင့်လှစ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
(င) စားကျက်မြေများထိန်းသိမ်းခြင်း၊တိုးချဲ့ဖော်ထုတ်ခြင်းဆောင်ရွက်ခြင်း။
(စ) တိရစ္ဆာန်ကောင်ရေစာရင်းမှန်ကန်မှုရှိရေးဆောင်ရွက်ခြင်း။
(ဆ) မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံမှုများ၊နည်းပညာအကူအညီများ ရရှိစေရန်ညှိနှိုင်းဆောင်ရွက်ခြင်း။
(ဇ) မွေးမြူရေးထုတ်ကုန်ပစ္စည်းများအတွက် (Sanitary, Phytosanitary, Quarantine, Quality Inspection and Supervision)နှင့်အညီဆောင်ရွက်နိုင်ရန် လိုအပ်သည့်သတ်မှတ်ချက်များအားအပြည်ပြည်ဆိုင်ရာ ပညာရှင်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ရေးဆွဲထုတ်ပြန်ခြင်း။
(ဈ) မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များမွေးမြူနိုင်ရန်မျိုးမြှင့်သားစပ်လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ခြင်းနှင့်တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးခြင်း။
(ည) မွေးမြူရေးအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဆိုင်ရာဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်းနှင့်တိုးချဲ့တည်ထောင်ခြင်းဆောင်ရွက်ခြင်း။
(ဋ) သုတေသနလုပ်ငန်းများ၊နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဘာသာရပ်အလိုက်ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးမည့်ရေရှည်အစီအမံများချမှတ်ဆောင်ရွက်ခြင်း။
(ဌ) မွေးမြူရေးအလေ့အကျင့်ကောင်းများလိုက်နာကျင့်သုံးနိုင်စေရန်မွေးမြူတောင်သူများအားအသိပညာပေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ခြင်း။
(ဋ) ဝန်ကြီးဌာနအဆင့်မွေးမြူရေးဆိုင်ရာ သုတေသနကောင်စီဖွဲ့စည်းတည်ထောင်ပြီး သုတေသနဆိုင်ရာမူဝါဒချမှတ်၍သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
(ဎ) စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီပြီးရေမြေဒေသအခြေအနေအလိုက်သင့်လျော်ဖြစ်ထွန်းမှုရှိသည့် အရည်အသွေးကောင်း၊ တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ သုတေသနပြုထုတ်လုပ်နိုင်ရေးဆောင်ရွက်ခြင်း။
(ဏ) မွေးမြူရေးထွက်ကုန်များထုတ်လုပ်သည့်လုပ်ငန်းစဉ်တွင် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် အရည်အသွေးကောင်းမွန်စေရေးအတွက် လက်တွေ့အသုံးပြုပြုပြင်ထုတ်လုပ်နိုင်သည့် နည်းပညာများကိုသုတေသနပြုဖော်ထုတ်ခြင်း။
(တ) တိရစ္ဆာန်များအားမျိုးမြှင့်တင်ခြင်း၊ မျိုးစပ်မွေးမြူခြင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်မျိုးစိတ်များထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ လိုအပ်သောဥပဒေများပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ခြင်း။
(ထ) အစိုးရအဖွဲ့အစည်းများ၊ပုဂ္ဂလိကကုမ္ပဏီများ၊အစိုးရမဟုတ်သည့်အဖွဲ့အစည်းများအားလုံးပူးပေါင်းဆောင်ရွက်နိုင်သည့်စနစ်တစ်ရပ်ထူထောင်၍သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း။
(ဒ) ရေရှည်တည်တံ့သော မွေးမြူရေးလုပ်ငန်းများတွင် ဂေဟစနစ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ခြင်း။
(ဓ) မျိုးဗီဇအရင်းအမြစ် (Genetic Resources) များကိုထိန်းသိမ်းကာကွယ်ရန်အတွက်နည်းပညာကော်မတီများ၊ဆက်စပ်ဌာနများနှင့်ကျွမ်းကျင်ပညာရှင်များဖြင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း။
(ပ) မွေးမြူရေးလုပ်ငန်းများတွင်ကောင်းမွန်သောမွေးမြူနည်းကျင့်စဉ် (Good Animal Husbandry Practices – GAHP) များရေးဆွဲဖော်ထုတ်ခြင်းနှင့်လိုက်နာဆောင်ရွက်ရန်စီစဉ်ဆောင်ရွက်ခြင်း။
၇။ Website Domain
၈။ Facebook Domain
LBVD Head Quarter Facebook page