Skip to main content

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မိဘများ၏ရင်ခွင်အရိပ်ကို ခွဲခွာ၍ တက္ကသိုလ်ကျောင်းတော်ကြီး၏ ရင်ခွင်အရိပ်ကို ခိုဝင်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဝန်ကြီးဌာနကိုယ်စား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ပညာသင်ယူစဉ်ကာလတွင် နည်းပညာရပ်များအပြင် ဘက်စုံခြုံငုံသုံးသပ်တွေးခေါ်နိုင်မှုနှင့် လက်တွေ့ကျကျ စနစ်တကျချဉ်းကပ်တတ်မှု၊ ထိရောက်အကျိုးရှိသော ပြောဆိုဆက်ဆံနိုင်မှု စွမ်းရည်နှင့် အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းရည် စသည့်အသိပညာများနှင့်အတူ စီမံခန့်ခွဲမှုနှင့် စွန့်ဦးတီထွင်နိုင်မှုစွမ်းရည်၊ တစ်သက်တာလေ့လာ သင်ယူလိုသော အလေ့အကျင့်ရှိမှုနှင့် သတင်းအချက်အလက်များကို ဆန်းစစ်သုံးသပ် စီမံခန့်ခွဲနိုင်မှု စွမ်းရည်များကိုပါ တစ်ပါတည်းလေ့လာဆည်းပူးသွားကြရန် တိုက်တွန်းပါကြောင်း။

မွေးမြူရေးကဏ္ဍသည် စိုက်ပျိုးရေးကဏ္ဍတိုးတက်လာစေရန် တန်းဖိုးမြှင့်တင်ပေးသည့် ကွင်းဆက်တစ်ခုဖြစ်၍ မွေးမြူရေးပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး မွေးမြူရေးလုပ်ကိုင်သူများအကျိုးကို အမြဲရှေးရှုကြိုးပမ်းကြရန်လိုကြောင်း၊ မိမိနိုင်ငံ၏ စားရေရိက္ခာဖူလုံရေး၊ မိမိနိုင်ငံပြောင်းလဲတိုးတက်ရေးကို မိမိတို့ကိုယ်တိုင် ကြိုးပမ်းကြရမည်ဖြစ်၍ ကျရာအခန်းကဏ္ဍက ထူးထူးချွန်ချွန်စွမ်းဆောင်နိုင်ကြစေရေး ကြိုးစားအားထုတ်သွားကြရန် အားပေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်စာပေ၊ ယဉ်ကျေးမှုနှင့် အနုပညာအသင်း၏ ပဒေသာကပွဲဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးများသည် စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အဆောက်အဦးဆောက်လုပ်မည့်နေရာနှင့် လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။