Skip to main content

ပဲခူး၊ ဇလက်ထော်ရေလှောင်တမံ၏ ပင်မရေပိုလွှဲနှင့် ရေလှောင်တမံတို့မှာ ထိခိုက်ပျက်စီးမှူ လုံးဝမရှိကြောင်းသိရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းတွင် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှု ကြောင့် ပဲခူးမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှု များပြားခဲ့ခြင်းတို့ကြောင့် ရေကြီးနစ်မြုပ်မှု၊ ဆည်တမံများထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် အောက်တိုဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်သို့ သွားရောက်ဆောင်ရွက်လျှက်ရှိပါ သည်။

ပဲခူးမြို့နယ်ရှိ ဇလက်ထော်ရေလှောင်တမံသည် ကန်ရေပြည့်အမှတ်သို့ရောက်ရှိပြီး (၈.၁၀.၂၀၂၃) ရက်နေ့မှစ၍ ရေပိုလွှဲအထက် ရေ(၁) ပေခန့် ပုံမှန်ကျော်လွန်စီးဆင်းရာမှ ရေဆင်း ဧရိယာအတွင်း မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့ခြင်းကြောင့် (၁၀.၁၀.၂၀၂၃) နံနက်ပိုင်း မှစ၍ ရေပိုလွှဲပေါ်မှ ရေအမြင့် ၃.၉ ပေအထိ ရေကျော်စီးဆင်းခဲ့ပြီး ပင်မရေပိုလွှဲ၏ အထွက်ပိုင်းရှိ ရေကျအဆောက်အအုံ ရေတိုက်စားထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါသည်။ သို့ဖြစ်၍ ပင်မရေပိုလွှဲ အဆောက်အအုံ ထိခိုက်မှု မရှိစေရန်နှင့် ရေလှောင်တမံ ထိခိုက်ပျက်စီးမှု မဖြစ်စေရန် ဒုတိယဝန်ကြီး ဦးဆောင်သော ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်တွင် ရေပိုလွှဲအထွက်ဘက်ပိုင်းရှိ ရေကျအဆောက်အအုံသာ ထိခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ပင်မရေပိုလွှဲနှင့် ရေလှောင်တမံတို့မှာ ထိခိုက်ပျက်စီးမှု လုံးဝမရှိကြောင်း၊ ထိခိုက်ပျက်စီးမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပင်မရေပိုလွှဲအထွက်ဘက်ပိုင်းတွင် ကျောက်ကြီးများနှင့် ကျောက်ခြင်းများချထားကာကွယ်ခြင်း၊ ပင်မရေပိုလွှဲ အထက်ဘက်ပိုင်း တွင် ယာယီရေတားတမံပြုလုပ်ခြင်း၊ ပင်မရေပိုလွှဲအောက်ပိုင်းအား ရေတိုက်စားမှုဒဏ်ခံနိုင်ရေး အတွက် အရေးပေါ်ပြင်ဆင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။

ထို့နောက် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းလာပါက အရေးပေါ်အခြေအနေတွင် ရေကိုလွှဲထုတ်နိုင်ရန် အရေးပေါ် ရေပိုလွှဲအဖြစ် အသုံးပြုနိုင်မည့် ရေလွှဲမြောင်းတစ်ခုကို လျာထားသတ်မှတ် ထားရှိပြီး အရေးပေါ်အခြေအနေပေါ်ပေါက်လာပါက အသုံးပြုနိုင်ရေး ကြိုတင်လျာထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိအခြေအနေတွင် ရေလှောင်တမံမှာ လုံးဝထိခိုက်မှုမရှိဘဲ ပင်မရေပိုလွှဲ၏ အထွက်ပိုင်းကို ရေတိုက်စားဒဏ်ခံနိုင်ရေးအတွက် လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် ကျောက်ကြီးများစုဆောင်းခြင်း၊ ကျောက်ကြီးများချထားခြင်း၊ ကျောက်ခြင်းများချထား ကာကွယ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိတွင် မိုးရွာသွန်းမှုမရှိတော့သည့် အတွက် ဇလက်ထော်ရေလှောင်တမံ၏ တမံရေအမှတ်များ လျော့နည်းကျဆင်းလာနေပြီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဇလက်ထော်ရေလှောင်တမံအနေဖြင့် စိုးရိမ်ဖွယ်ရာ မရှိပါကြောင်း သတင်းရရှိသည်။