Image: 

ကျွဲ/နွားကုန်သွယ်မှု အကြံပေးအဖွဲ့ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲ

မေလ 17, 2019

           ပြည်တွင်း/ ပြည်ပ ကျွဲ၊ နွား ကုန်သွယ်မှုအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မူဝါဒများချမှတ်နိုင်ရေးနှင့် ကျွဲ၊ နွားကုန်သွယ်မှုနှင့် ဆက်နွယ်သော ဆုံးဖြတ်ချက်ချမှတ်သူများကို လိုအပ်သည့် အကြံပြုချက်များ ပံ့ပိုးပေးနိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသည့် ကျွဲ၊နွားကုန်သွယ်မှု လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျွဲ/နွားကုန်သွယ်မှု အကြံပေးအဖွဲ့ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဦးစီး၍ FAO-LIFT စီမံကိန်းအထောက်အပံ့ဖြင့် ၂၀၁၉ ခုနှစ် မေလ (၁၅) ရက် ရက်နေ့တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ နံနက် (၉: ၀၀) နာရီမှ နေ့လည် (၁၂ : ၀၀) နာရီ အထိ ကျင်းပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ဒေါက်တာခင်ဇော်၊ FAO-LIFT စီမံကိန်းမှ Chief Technical Adviser ဖြစ်သူ Dr. Murray Maclean၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ ကျွဲ/နွားကုန်သွယ်မှု အကြံပေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သော ပညာရှင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိမွေးမြူရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

          ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ဒေါက်တာခင်ဇော်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းမှ အမှာစကားပြောကြားကာ လက်ရှိ ကျွဲ/နွားကုန်သွယ်မှုဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အဖွဲ့ဝင်များမှ မြန်မာနိုင်ငံအတွက် အကျိုးရှိသော ကျွဲ၊ နွား ကုန်သွယ်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအား ပူးပေါင်းဆွေနွေး အကြံပြုခဲ့ကြပါသည်။

ကျွဲ/နွားကုန်သွယ်မှု အကြံပေးအဖွဲ့ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပြုချက်များမှတစ်ဆင့် နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေရရှိနိုင်မှုအပေါ် အထောက်အကူပြုသည့် ကျွဲ၊ နွားများ ပြည်ပသို့ တရားဝင်တင်ပို့ခြင်းလုပ်ငန်းအား ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သော မူဝါဒများ အကောင်အထည်ဖော် ချမှတ်နိုင်ခြင်းတို့ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။