Image: 

ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့်အညီ ဝက်ခြံများ မှတ်ပုံတင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ

မေလ 17, 2019

         မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဦးစီး၍ FAO-LIFT စီမံကိန်းအထောက်အပံ့ဖြင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့်အညီ ဝက်ခြံများ မှတ်ပုံတင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၉ ခုနှစ်၊ မေလ (၁၆) ရက်၊ မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲအား ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်ကို လိုက်နာဆောင်ရွက်သော ဝက်မွေးမြူရေးခြံများပေါ်ထွန်းလာစေရန်နှင့် ခြံမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

          ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ဒေါက်တာခင်ဇော်၊ FAO-LIFT စီမံကိန်းမှ Chief Technical Adviser ဖြစ်သူ Dr. Murray Maclean၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ ဝက်မွေးမြူသူ ကိုယ်စားလှယ်များ၊ FAO-LIFT စီမံကိန်းတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လူငယ်ပညာရှင်များနှင့် FAO-LIFT စီမံကိန်းမှ တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။  

          ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြား၍  Dr. Murray Maclean မှ နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် မြန်မာနိုင်ငံ၏ ဝက်မွေးမြူထုတ်လုပ်မှု အခြေအနေများကိုရှင်းလင်းခြင်း၊ ဝက်မွေးမြူရေးလုပ်ငန်းအတွက် ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်ကို ရှင်းလင်းခြင်း၊ တက်ရောက်သူများမှ ဝက်ခြံများအား ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူနိုင်ရေး၊ မှတ်ပုံတင်နိုင်ရေး၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ စစ်ဆေးခြင်း (Check Lists)၊ ခြံမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းအပေါ် အကျိုးသက်ရောက်မှုများ၊ သတင်းရယူခြင်းနှင့် သတင်းပေးပို့ခြင်းနည်းလမ်းများ၊ ဝက်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှေ့လုပ်ငန်းစဉ်များအား အုပ်စု (၆) စုဖွဲ့၍ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် လုပ်ငန်းစဉ်တွင် အဓိကအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်မည့် Stakeholder များကို  ခြံမှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များအား Mentimeter ဖြင့် စစ်တမ်းကောက်ယူခြင်းများပြုလုပ်ခဲ့ပါသည်။