Image: 

“သန့်ရှင်းမှုဖြင့်ဆဲလ်မိုနဲလားပိုးကိုကာကွယ်ပါ”

ဇန်နဝါရီလ 22, 2020

   ရန်ကုန်တိုင်းဒေသကြီးအတွင်း စျေးတချို့ရှိ ကြက်သားများတွင် ဆဲလ်မိုနဲလားရောဂါပိုး တွေ့ရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထိုသို့သော သတင်းများကြောင့် ပြည်သူများအကြား ကြက်သားစားသုံးမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ဆဲလ်မိုနဲလားပိုးတွေ့ရှိသည့် ကြက်သားကို စားသုံးမိတိုင်း အန္တရာယ်ဖြစ်နိုင်မည်ဟု တစ်ထစ်ချ မဆိုနိုင်ပါ။ ဆဲလ်မိုနဲလားပိုးမျိုးကွဲ တစ်ခုနှင့်တစ်ခုကွဲပြားမှုရှိသော်လည်း ယေဘူယျအားဖြင့် ဆဲလ်မိုနဲလားပိုးတစ်သိန်းကနေ တစ်သန်းနှင့် အထက်ပါဝင်မှသာ လူကိုအန္တရာယ်ပေးနိုင်မည်။ ထို့ပြင် ၎င်းအသားကို အစိမ်းစားခြင်း၊ မကျက်တကျက် စားခြင်းများကြောင့်သာ လူကိုအန္တရာယ်ပြုနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက လူ၏အစာအိမ်တွင်းရှိအက်ဆစ်ဓာတ်များနှင့် အကျိုးပြုဘက်တီးရီးယားပိုးတို့၏ ခြေဖျက်တိုက်ခိုက်မှုကြောင့် ဆဲလ်မိုနဲလားပိုးများသည် ရှင်သန်၊ အန္တရာယ်ပြုနိုင်ခြင်းမရှိပါ။

  ဆဲလ်မိုနဲလားသည် ဘက်တီးရီးယားပိုးတစ်မျိုး၏ အမည်ပင်ဖြစ်သည်။ ၎င်းသည် သက်ရှိသတ္တဝါတိုင်း၏ အူလမ်းကြောင်း၌တွေ့ရလေ့ရှိသည်။ မျိုးကွဲပေါင်း (၂၆၀၀) ကျော် အထိရှိ၍ ၎င်းတို့ထဲ၌ လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ဘက်တီးရီးအမျိုးအစား အနည်းငယ်သာပါဝင်ပြီး အများစုမှာ တိရစ္ဆာန်နှင့် လူကိုအန္တရာယ်ဖြစ်စေနိုင်ခြင်းမရှိပါ။ ပြင်းထန်သည့် မျိုးကွဲတစ်ချို့ကြောင့်သာ အူယောင်ငန်းဖျားရောဂါ (တိုက်ဖွိုက်)နှင့် အစာအဆိပ်သင့်ခြင်းကိုဖြစ်စေသည်။

   “ဆဲလ်မိုနဲလားပိုးဆိုတာ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်တယ်။ အဲဒီပိုးကို သက်ရှိသတ္တဝါတွေရဲ့ အူလမ်းကြောင်းမှာ တွေ့ရလေ့ရှိပါတယ်။ ပိုးမျိုးကွဲပေါင်း (၂၆၀၀) ကျော်လောက်ရှိပေမယ့် လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့မျိုးကွဲကတော့ နည်းနည်းပဲရှိပါတယ်။ အများစုကတော့ တိရစ္ဆာန်နဲ့ လူတွေကို အန္တရာယ်ဖြစ်စေနိုင်ခြင်းမရှိပါဘူး။ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားအမျိုးအစားအနည်းငယ်ကြောင့်တော့ အူယောင်ငန်းဖျားရောဂါ (တိုက်ဖွိုက်)နဲ့ အစာအဆိပ်သင့်ခြင်း ဒါမျိုးဖြစ်တတ်ပါတယ်။”“ဒါပေမယ့် ကြက်သားကို စားသုံးမိတိုင်း အန္တရာယ်မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဆဲလ်မိုနဲလားပိုးဟာ အပူချိန် (၆၀) ဒီဂရီစင်တီဂရိတ်ဆိုရင် သေနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အသားစားသုံးမှုဓလေ့က ကျက်အောင် ချက်ပြုတ်စားတဲ့ အလေ့အထရှိတဲ့အတွက် အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ အသားစိမ်းကိုင်ပြီးတဲ့အခါတိုင်း လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးကြောဖို့ပါ” ဟု ဆဲလ်မိုနဲလားရောဂါပိုးနှင့် ပတ်သက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

  ရန်ကုန်မြို့ရှိ စျေးများ၌ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့်  စာရေးသူ၏ သုတေသနစစ်တမ်းအရ ကြက်သားတွင် ဆဲလ်မိုနဲလားပိုးပါဝင်မှုတွေ့ရှိခဲ့သော်လည်း လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ဆဲလ်မိုနဲလားမျိုးကွဲ (၂) ရာခိုင်နှုန်းခန့်သာတွေ့ရှိခဲ့ကြောင်း သိရသည်။

  အရှေ့တောင်အာရှနိုင်ငံများတွင် ကြက်သားများ၌ ဆဲလ်မိုနဲလားပိုးပါဝင်မှုသည် (၆၀) ရာခိုင်နှုန်း ကျော်အထိရှိသည်။ မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆဲလ်မိုနဲလားထက် လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ကြက်ငှက်တုပ်ကွေးအစရှိသည့် လုပ်ငန်းများတွင် သုတေသနလုပ်ငန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ ဆဲလ်မိုနဲလားသည် အန္တရာယ်ပေးနိုင်သည်ဆိုသော်လည်း ကြက်ငှက်တုပ်ကွေးရောဂါမျိုးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကူးစက်ခံရနိုင်ခြေနှင့်  ဘေးဥပါဒ်ပေးနိုင်မှု နည်းပါးပါသည်။

   မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေနှင့် အညီ မွေးမြူရေးခြံများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး အဓိကအနေဖြင့် မူလအဆင့် မွေးမြူထုတ်လုပ်သည့်ခြံများတွင် ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practices) များကို အကောင်အထည်ဖော် ဆောင်ရွက်လိုက်နာစေလျက်ရှိပါသည်။ ခြံများကို မှတ်ပုံတင်ခြင်း၊ တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

   “ကျွန်တော်တိုဦးစီးဌာနအနေနဲ့ ဥပဒေနဲ့အညီ မွေးမြူရေးခြံတွေမှာ ကောင်းမွန်တဲ့ မွေးမြူရေးကျင့်စဉ်တွေကို လိုက်နာဆောင်ရွက်စေပါတယ်။ ဒါပေမဲ့ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်တဲ့အခါမှာ ဥပမာ-သားသတ်ရုံတွေ၊ လက်လီစျေးတွေ၊ အစားအသောက်ကိုင်တွယ် ရောင်းချသူတွေ သန့်ရှင်းဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့် အစားအသောက် ကွင်းဆက် (food safety supply chain) မှာပါတဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကလည်း စနစ်တကျ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုမှသာ ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအစာတွေကို စားသုံးနိုင်မှာ ဖြစ်ပါတယ်”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတဦး ဆိုသည်။

  မွေးမြူရေးခြံများမှ ကြက်များ၊ ကြက်သားသတ်ရုံများနှင့် လက်လီရောင်းချသည့် စျေးများမှ ကြက်သားများကို နှိုင်းယှဉ်လေ့လာချက်များအရ ရောဂါပိုးကို အများအားဖြင့် စျေးများတွင် ပိုမိုတွေ့ရှိရသည်။ အဓိကအားဖြင့် သန့်ရှင်းမှုအားနည်းသော ကြက်သတ်ရုံများမှကူးစက်ခြင်း၊ စျေးကွက်တွင် ရောင်းချခြင်း၊ သယ်ဆောင်ခြင်းနှင့် ထားသိုရာတွင် အအေးပေးစနစ်မှန်ကန်မှုမရှိခြင်း၊ စျေးများ၏သန့်ရှင်းမှုအားနည်းခြင်းကြောင့် လက်လီစျေးရှိကြက်သားများတွင် ဆဲလ်မိုနဲလားပိုးများကို ပိုမိုတွေ့ရခြင်းဖြစ်သည်။

  ထို့ပြင်တိရစ္ဆာန်တစ်မျိုးချင်းဆီကို ရောဂါဖြစ်စေသည့် ဆဲလ်မိုနဲလားပိုးများလည်း ပါဝင်သကဲ့သို့ ရောဂါဖြစ်ပွားခြင်းမရှိဘဲ သယ်ဆောင်ထားသည့် ပိုးမျိုးကွဲများလည်းရှိသည်။ တွားသွားသတ္တဝါများ၊ ကြက်၊ ငှက် သတ္တဝါများတွင် ဆဲလ်မိုနဲလားပိုးကို သဘာဝအားဖြင့် သယ်ဆောင်ထားနိုင်ခြေ (၆၀) ရာခိုင်နှုန်းကျော် အထိရှိသည်။ ဆဲလ်မိုနဲလားဘက်တီးရီးယားပိုးသည် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် ဥရောပနိုင်ငံများ တွင် ရောင်းချလျက်ရှိသည့် ကြက်သားများတွင်လည်း ဆဲလ်မိုနဲလားပိုးပါဝင်နှုန်းသည် ယေဘူယျအားဖြင့် (၃၀) ရာခိုင်နှုန်းကျော် အထိရှိကြောင်းလေ့လာမှုများအရသိရှိရပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် ဖင်လန်နိုင်ငံ၊ ဆွီဒင်နိုင်ငံများရှိ ကြက်သားများတွင် ဆဲလ်မိုနဲလားပိုး ပါဝင်မှုကို (၃) ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့သည်ဆိုသော်လည်း အဆိုပါ နိုင်ငံများသည် ဆဲလ်မိုနဲလားပိုး လျော့ကျအောင် သုတေသနလုပ်ငန်းများ၊ လေ့လာခြင်း လုပ်ငန်းများနှင့် ထိန်းချုပ်မှုလုပ်ငန်းများကို နှစ်စဉ် ဒေါ်လာသန်းပေါင်း များစွာ အကုန်ကျခံ၍ ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ဟန်ဂေရီနိုင်ငံတွင် ကြက်သား၌ ဆဲလ်မိုနဲလားပိုးပါဝင်မှုသည် (၇၀) ရာခိုင်နှုန်း၊ ပိုလန်နိုင်ငံတွင် (၆၀) ရာခိုင်နှုန်း၊ စပိန်နှင့် ပေါ်တူကီနိုင်ငံအသီးသီးတို့တွင် (၄၀) ရာခိုင်နှုန်း အထိရှိကြောင်း လေ့လာမှု အထောက်အထားများအရ သိရှိရပါသည်။

  ဆဲလ်မိုနဲလားပိုးတွေ့ရှိသည့် ကြက်သားကို စားသုံးမိတိုင်း အန္တရာယ်ဖြစ်နိုင်မည်ဟု တစ်ထစ်ချ မဆိုနိုင်သော်လည်း သန့်ရှင်းမှု၊ အစားအစာ ဘေးကင်းလုံခြုံမှုအတွက် အရေးပေးဆောင်ရွက်ရမည်ဖြစ်သည်။ သို့ဖြစ်၍ အစားအသောက်ကွင်းဆက် (food safety supply chain) တစ်ခုလုံးတွင် ပါဝင်သည့် ဆက်စပ်အဖွဲ့အစည်းများအားလုံးက ပြည်သူများအစားအစာဘေးကင်းလုံခြုံရေးအတွက် စနစ်တကျဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်သာဖြစ်သည်။ သို့မှသာ ဆဲလ်မိုနဲလားပိုးတစ်ခုတည်း သာမက ကူးစက်တတ်သည့် ရောဂါပိုးများအန္တရာယ်မှ ကင်းဝေးမည်သာဖြစ်သည်။

   ဒေါက်တာအောင်ဇော်မိုး(မွေး/ကု)