Image: 

“လူမှုစီးပွားဘဝမြှင့်တင်ဖို့ ကောင်းမွန်သန့်ရှင်းစွာနို့ညှစ်စို့”

ဇန်နဝါရီလ 29, 2020

               နွားနို့အရည်အသွေး ကောင်းမွန်သန့်ရှင်းရေးသည် နို့စားနွားမွေးမြူသူ တောင်သူ များ၏ စီးပွားရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်ပါသည်။ ထို့အပြင် နို့ထွက်ပစ္စည်း များ၏ ထုပ်လုပ်မှုအနေအထားသည် စားသုံးသူများ၏ အစားအစာ ဘေးကင်း လုံခြုံမှု အတွက် များစွာသက်ဆိုင်ပါသည်။ ကျန်းမာရေးကောင်းမွန်သော နွားမများသည် ကောင်းမွန် သန့်ရှင်းသော အနေအထား၌သာ စားသုံးသူများ၏ ကျန်းမာရေးကို အထောက်အကူပေး နိုင်သော အရည်အသွေးကောင်းမွန်သည့် နွားနို့များကိုထုတ်လုပ်နိုင်ပါသည်။ အရည်အသွေး ကောင်းနွားနို့ရည်များကို ထုတ်လုပ်နိုင်ရန်အတွက် သန့်ရှင်းကောင်းမွန်သော နွားနို့ ညှစ်ခြင်း သည် အလွန်အရေးပါသည့် အခြေခံအချက်ဖြစ်ပါသည်။

               ထို့ကြောင့် အရည်အသွေးကောင်းမွန်သော နွားနို့ရည်များ လုံလောက်စွာထုတ်လုပ် နိုင်ရန် ၊ စားသုံးသူများ၏ ကျန်းမာရေးကိုကာကွယ်ရန်နှင့် နွားနို့ရည်၏ အရည်အသွေးအား ကျဆင်းစေသော နို့အုံရောင်ရမ်းနာကိုကာကွယ်ရန်အတွက် သန့်ရှင်းကောင်းမွန်သော နွားနို့ညှစ်ခြင်းကျင့်စဉ်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်လာပါသည်။

               နို့ညှစ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် နို့ညှစ်သောနေရာ သန့်ရှင်းမှသာလျင် သန့်ရှင်း၍အရည်အသွေးပြည့်ဝသော နွားနို့ရည်ကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ နို့သီးခေါင်း များတွင် ရောဂါပိုးမွှားများ တွယ်ကပ်နေနိုင်သောကြောင့် နို့မညှစ်မီ နို့သီးခေါင်းများကို အိုင်အိုဒင်းထည့်ထားသောခွက်ထဲတွင်နှစ်၍ပိုးသတ်ရမည် (ပုံ-၂) ။ နို့မညှစ်မီ နို့သီးခေါင်းတစ်ခုချင်း စီမှ နို့ရည်အနည်းငယ်ကို ညှစ်ချ၍ စစ်ဆေးရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နို့အုံရောင်ရမ်းနာ ဖြစ်ပွားမှုရှိ/မရှိကို စစ်ဆေးနိုင်မည့်အပြင် နို့သီးခေါင်းအတွင်းရှိ ရောဂါပိုးမွှားများကို ဖယ်ရှား နိုင်ပြီး နွားမကြီးကို နို့ရည်ချပေးရန် လှုံ့ဆော်စေပါသည်။ 

               မြန်မာနိုင်ငံတွင် နွားမွေးတောင်သူ အများစုသည် နွားမကြီးမှ နို့ရည် ချပေးစေရန် နွားငယ်ကလေးကို နို့စို့စေခြင်းဖြင့် လှုံ့ဆော် ကြပါသည် (ပုံ-၄)။ ထိုသို့ပြုလုပ်ခြင်းသည် နို့သီးခေါင်းများညစ်ညမ်းမှုကို ဖြစ်စေသဖြင့် မပြုလုပ်ရန် အထူးရှောင်ကျဉ်ရမည်။ နိုညှစ်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်တွင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြော၍ လုပ်ဆောင်ရမည်။       

                နို့မညှစ်မီ နို့သီးခေါင်းများကို ပိုးသတ်ထားသော အဝတ်စိုဖြင့် သုတ်သင် သန့်ရှင်းရမည်။ ထိုသို့ သုတ်သင်ရာတွင် အဝတ်/ပဝါအစိုကို လေးပိုင်းစီခွဲ၍ (ပုံ-၁) နို့သီးခေါင်း တစ်ခုစီကို တစ်ပိုင်း နှုန်းဖြင့် နို့သီးထိပ်ပါမကျန် အိုင်အိုဒင်းဆေးရည်နှင့် ဖုန်သဲများအား ပြောင်စင်အောင် သုတ်ရမည်။ “နွားမတစ်ကောင်လျင် အဝတ်/ပုဝါ တစ်ခုသာ သီးသန့်သုံးရမည်”။  နို့ညှစ်ရာတွင် နို့သီးခေါင်းများကိုထိခိုက်မှုမဖြစ်စေရန် ညှင်သာစွာညှစ်ရမည်။ လက်မဖြင့်ဆိတ်၍ နိုညှစ်ခြင်းသည် နိုတံကိုထိခိုက်၍ နို့ထွက်နှုန်းကို ကျဆင်းစေသော ကြောင့် ရှောင်ကျဉ်ရမည် (ပုံ-၃) နိုညှစ်ပြီးလျင်လည်း နို့အုံရောင်ရမ်းနာ ကိုကာကွယ်ရန် နို့သီးခေါင်းတစ်ခုလုံးကို ပိုးသတ်ဆေးထည့်ထားသော ခွက်ထဲတွင် နှစ်ရပါမည်။ နို့တံသီးခေါင်းကို သုတ်သည့် အဝတ်များကိုလည်း စင်ကြယ်စွာ လျှော်ဖွတ်၍ ခြောက်သွေ့အောင်နေလှန်းရပါမည်။

                 နွားမွေးမြူသူတောင်သူများ၏ ဝင်ငွေကိုတိုးတက်စေပြီး ပိုးမွှားကင်းစင်း၍ အရည်အသွေးကောင်းမွန်သောနွားနို့ကို ရရှိရန် ဖော်ဆောင်ပေးနိုင်သော ကောင်းမွန် သန့်ရှင်းစွာနို့ညှစ်ခြင်း ကျင့်စဉ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် စားသုံးသူများ၏ ကျန်းမာရေးကို အထောက်အကူပေးနိုင်သော အရည်အသွေးကောင်းမွန်သည့် နွားနို့ရည် များကို ထုတ်လုပ်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

                                                                                                                                                                                                                            ဒေါက်တာဟန်ဝင်းသန့်