Image: 

လူသားကောင်းကျိုးအတွက် တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ

ဇန်နဝါရီလ 31, 2020

          တိရစ္ဆာန်ကျန်းမာရေးနှင့်မွေးမြူရေး ဝန်ဆောင်မှုလုပ်ငန်းများသည် တိရစ္ဆာန်အရင်းအမြစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်းအားဖြင့် ကျေးလက်လူမှုစီးပွားဘဝကို မြှင့်တင်ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ဆာလောင်မှုတို့အား လျော့ချပေးခြင်းနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်းတို့ကို ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့အပြင် အသစ်ပေါ်ပေါက်လျက်ရှိသော ကပ်ရောဂါ၊ ပဋိဇီဝဆေးယဉ်ပါးမှု၊ ဘေးမကင်းသောအစားအစာများစသည့် အန္တရာယ်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည် သာမက လူသားများ၏ကျန်းမာရေး လုံခြုံစိတ်ချရမှုကို ဖော်ဆောင်ပေးလျက်ရှိပါသည်။ ထိုသို့ တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအား စနစ် တကျမြှင့်တင်ပေးခြင်းသည်အနာဂတ် လူမှုစီးပွားဘဝသာယာလှပရေး ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။

        စားနပ်ရိက္ခာဖူလုံမှုသည် လူသားတို့ အသက်ရှင်နေထိုင်ရေးအတွက် ဦးစားပေး လိုအပ်ချက်ဖြစ်ပြီး အာဟာရပြည့်မီရေးအတွက် အရည်အသွေးပြည့်မီသော အသား၊ ဥ၊ နို့များ ထုတ်လုပ်လုပ်ရေးနိုင်ရေးနှင့် အစားအစာဘေးကင်းရေးလုပ်ငန်းများ မှာ လည်း အရေးကြီးလှပေသည်။ စိုက်ပျိုးရေးကို အခြေခံသော ကျေးလက်နေပြည်သူများအတွက် မွေးမြူရေးလုပ်ငန်း များသည် ဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်ရရှိရေးများကို ဖော်ဆောင်ပေးယုံမျှမက စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးချခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် သဘာဝမြေဩဇာ ထုတ်လုပ်ပေးခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် ထွန်ယက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းစသည့် လုပ်ငန်းများအတွက် အရေးပါသော ပံ့ပိုးမှုများပေးလျက်ရှိပေသည်။ ထို့အပြင် ကျေးလက်နေ ပြည်သူများ၏ အရေးပေါ်ကုန်ကျစရိတ်နှင့် အရန်ငွေကြေးများသည် မွေးမြူရေးလုပ်ငန်းများအဖြစ် တည်ရှိနေခြင်းမှာ ကျေးလက်လူမှုဘဝ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကအချက်ဖြစ်နေပါသည်။ တောင်သူများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများအတွက် အဓိကဆုံးရှုံးမှု များသည် တိရစ္ဆာန်ကပ်ရောဂါများမှအစပြုနိုင်ပြီး မွေးမြူရေးလုပ်ငန်းများ ဆုံးရှုံးလျော့ကျစေခြင်းသည် အာဟာရချို့တဲ့ခြင်း၊ မြို့ပြများသို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်းစသည့် ဆိုးကျိုးများဖြစ်ပေါ် စေနိုင်သကဲ့သို့ အခြားဆက်စပ် ပြဿနာများပါ ဖြစ်ပေါ်စေ နိုင်ကြောင်းတွေ့ရှိရ ပါသည်။

        မကြာမီက ပေါ်ပေါက်လာသည့် ကူးစက်ရောဂါများ၏ ၇၅ % သည် တိရစ္ဆာန်များမှ အစ ပြုခဲ့ပြီး လူသားများကို ရောဂါဖြစ်ပွားစေသည့် ရောဂါပိုးများ၏ ၆၀ % မှာ တိရစ္ဆာန်မှ လူသို့ ကူးစက်သည့် ရောဂါပိုးများဖြစ်ကြပါသည်။ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာကျန်းမာရေးအဖွဲ့မှ ကပ်ရောဂါအသွင် ဖြစ်ပေါ်နိုင်သည့် ရောဂါပိုး(၇)မျိုးကို လူထုကျန်းမာရေးအရေးပေါ်အခြေအနေ ဦးစားပေး စာရင်းအဖြစ် ထုတ်ပြန် ခဲ့သည်။ ထိုရောဂါပိုး(၇) မျိုးသည် တိရစ္ဆာန်မှ လူသို့ကူးစက်နိုင်သည့် ရောဂါပိုးများဖြစ်ကြပါသည်။ ထို့အပြင် မကြာမီနှစ်များအတွင်း ဖော်ထုတ်တွေ့ရှိခဲ့သည့် အီဘိုလာ၊ SARS ၊ MERS နှင့်ကြက်ငှက်တုတ်ကွေးရောဂါတို့မှာတစ်ခုတည်းသောကျန်းမာရေးဖော်ဆောင်ရေး ချဉ်းကပ်လှုပ်ရှားမှုများတွင် ဦးစားပေးသတိပြုခဲ့ကြသည့် တိရစ္ဆာန်မှ လူသို့ ကူးစက်သည့် ရောဂါ များဖြစ်လာခဲ့ပါသည်။ ထို့အပြင် သတိပြုဆောင်ရွက်ရန် မေ့လျော့ခဲ့ကြသည့် ခွေးရူးရောဂါ၊ တီဘီ အစရှိသည့် ရောဂါတို့သည်လည်း တိရစ္ဆာန်မှ အစပြု၍ လူသားကျန်းမာရေးကို နေ့စဉ်ထိပါး နိုင်သည့်ရောဂါများဖြစ်ကြောင်းသိရှိလာကြပြီဖြစ်ပါသည်။ ကျန်းမာရေးလုံခြုံစိတ်ချရမှုအတွက် “ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုမိုထိရောက်” သဖြင့် တိရစ္ဆာန်များတွင်ဖြစ်ပွားသည့် မူလရင်းမြစ် ကျန်းမာရေး အန္တရာယ်များအားပစ်မှတ်ထားဦးစားပေးဆောင်ရွက်သင့်ကြောင်းတဖြည်းဖြည်း သဘောပေါက် နားလည်လာကြပြီ ဖြစ်ပါသည်။

        သို့သော်လည်း နိုင်ငံများ၏ မွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများသည် အခြားကဏ္ဍများနှင့် နှိုင်းယှဉ်လျှင် အဖက်ဖက်မှ အားနည်းလျက်ရှိပြီး စိုက်ပျိုးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ခုမျှစာ ရှိနေသည်မှာ အံအားသင့်စရာပင်ဖြစ်သည်။ မွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ဝန်ထမ်းအင်အား၊ ဘဏ္ဍာငွေအင်အားနည်းပါးခြင်းအားဖြင့် မွေးမြူရေးကဏ္ဍ များတွင် ဆုံးရှုံးမှုများစွာဖြစ်ပေါ်စေခြင်း၊ ကပ်ရောဂါများအား ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်မှုမရှိခြင်းတို့ကြောင့် ဆုံးရှုံးနစ်နာမှုများ ကျန်းမာရေးခြိမ်းခြောက်မှုများ တိုးပွားလာစေပါသည်။ ထို့အပြင် တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများသည် လုံခြုံစိတ်ချရသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကုန်သွယ်မှုလုပ်ငန်းအားဖော်ဆောင်သည့် အခြေခံဌာနများဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ရောဂါများဖြစ်သည့် ကြက်ငှက်တုပ်ကွေးရောဂါ (HPAI)၊ ခွာနာလျှာနာရောဂါ (FMD)၊ ဆိတ်ပလိပ် ရောဂါ (PPR)၊ အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) များဝင်ရောက်လာခြင်းသည် တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအားနည်းနေခြင်းကို ဖော်ပြလျက် ရှိပေသည်။

        ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ ဆောင်ရွက်လျက်ရှိသည့် အပင်နှင့်တိရစ္ဆာန်ရောဂါကင်းရှင်းစွာ ကုန်သွယ်မှုသဘောတူညီချက် (SPS Agreement) တွင် လုံခြံစိတ်ချရသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ပစ္စည်းများ ကုန်သွယ်မှု စနစ် ပေါ်ပေါက်စေရေးအတွက် စံနှုန်းများချမှတ်ပေးလျှက်ရှိပါသည်။ ထို့အပြင် ၎င်းအဖွဲ့ဝင်နိုင်ငံများရှိ တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများအား ခိုင်မာဖွံ့ဖြိုးစေရန် စိစစ်အကဲဖြတ်ရေးအဖွဲ့များစေလွှတ်၍ ဝန်ဆောင်မှုလုပ်ငန်းများအား အကဲဖြတ်ပေးခြင်း၊ အားနည်းချက် အားသာချက်များရှာဖွေ၍ အကြံဉာဏ်များ ပေးအပ်ခြင်း၊ လိုအပ်ချက်ပေါ်မူတည်၍ အကူအညီများ၊ ပံ့ပိုးမှုများထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ပေးလျက် ရှိပါသည်။

        ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာစွမ်းဆောင်မှု မြှင့်တင်ရေး လုပ်ငန်းစဉ် (Performance of Veterinary Services Pathway) သည် (၁) နိုင်ငံ များတွင် တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ စွမ်းဆောင်မှုအကဲဖြတ် ဆောင်ရွက်သည့် စနစ်အား မိတ်ဆက် ပေးခြင်း၊ (၂) အကဲဖြတ်အဖွဲ့များစေလွှတ်၍ စိစစ်အကဲဖြတ် အကြံဉာဏ် ပေးခြင်း၊ နိုင်ငံတွင်း အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ (၃) အကဲဖြတ်မှုများမှ ရှာဖွေတွေ့ရှိချက်များ အကြံပြုချက်များအား စိစစ်သုံးသပ်၍ ဗျူဟာမြောက် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်စေခြင်း၊ (၄) လိုအပ်ချက်အပေါ်မူတည်၍ ပံ့ပိုး ထောက်ပံ့ခြင်းစသည်ဖြင့်လုပ်ငန်းများပါဝင်ပါသည်။

       မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကမ္ဘာတိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အစီအစဉ်များ၊ ရည်မှန်းချက်များ၊ လုပ်ငန်းများတွင် စိတ်အား ထက်သန်စွာပါဝင်လှုပ်ရှားလျှက်ရှိပါသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် နိုင်ငံ၏ တိရစ္ဆာန် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများအား ပိုမိုကောင်းမွန်စွာ တိုးတက် ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ တိရစ္ဆာန် ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ စွမ်းဆောင်မှု အကဲဖြတ်အဖွဲ့များအား (၆) ကြိမ်ခေါ်ယူခဲ့ပြီး ယင်းအကဲဖြတ်အဖွဲ့များ၏ တွေ့ရှိချက်များ၊ အကြံဉာဏ်ပေးချက်များအရ ဦးစားပေးလုပ်ငန်းများ ဖော်ထုတ်အကောင်အထည်ဖော်ခြင်း၊  ဥပဒေ၊ နည်းဥပဒေများ ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊ ဓာတ်ခွဲခန်းလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်း၊ လုံခြံစိတ်ချရသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကုန်သွယ်မှုလုပ်ငန်းစနစ် ပေါ်ပေါက်စေရေး ဆောင်ရွက်ခြင်း စသည်ဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် တစ်ခုတည်းသော ကျန်းမာရေး (One Health) အတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း အကဲဖြတ်အဖွဲ့များ၏ ရှာဖွေတွေ့ရှိချက်များ၊ အကြံဉာဏ်ပေးချက်များအရ တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် ဘဏ္ဍာရေး၊ လူအင်အား၊ ဥပဒေ၊ နည်းပညာစသည်ဖြင့် အဖက်ဖက်မှ လိုအပ်ချက်များစွာရှိနေပြီးတာဝန်ရှိသူ(Stakeholders) အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

        တိရစ္ဆာန် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများသည် ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (SDG) (၁၇) ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပြီး (No Poverty, Zero Hunger, Good Health and Well-being, Quality Education, Gender Equality, Decent Work and Economic Growth, Sustainable Cities and Communities, Peace Justice and Strong Institutions) စသော  ရည်းမှန်းချက် (၈)ခုနှင့် သက်ဆိုင်နေကြောင်းတွေ့ရပါသည်။ ယင်း (၈)ချက်တွင် ပထမ ဦးစားပေး (၃) ချက်ဖြစ်သည့် ဆင်းရဲမှုကင်းစင်ရေး၊ ငတ်မွတ်ခေါင်းပါးမှုကင်းစင်ရေးနှင့် ကျန်းမာကောင်းမွန်စွာ နေထိုင်နိုင်ရေး ဆိုသည့်အချက်များသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Food Security, Food Safety and Sustainable Rural Development) ဆိုသည့် မူဝါဒများနှင့် တိုက်ရိုက် သက်ဆိုင်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သော တိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်လို့ အနာဂါတ်ကိုထိန်းသိမ်းစောင့်ရှောက်ကြစို့ (Protecting animals, preserving our future) ဆိုသည့်အတိုင်း မျိုးဆက်သစ်များအတွက် လှပသည့် အနာဂါတ်လက်ဆင့်ကမ်းပေးနိုင်ရန် တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း များအား စွမ်းဆောင်မှုမြှင့်တင် နိုင်ရေးပူးပေါင်းပါဝင်ကြိုးစားပေးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း တင်ပြလိုက်ရပါသည်။

 

                                                                                                                                                                                                                                                      ဒေါက်တာနန်းဝင်းစိုး

                                                                                                                                                                                                                                          

 

Ref:    Strengthening Veterinary Service through the OIE PVS pathway, Feb 2019, OIE