Image: 

မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ဆိတ်မွေးမြူထုတ်လုပ်မှုအခြေအနေများအား စစ်တမ်းကောက်ယူခြင်း

မေလ 10, 2019

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် FAO-LIFT စီမံကိန်းတို့ ပူးပေါင်းဆောင်ရွက်သော “ တိရစ္ဆာန် ကျန်းမာရေး၊ ထုတ်လုပ်မှုနှင့် ဈေးကွက်မြှင့်တင်ရေးမှတဆင့် အပူပိုင်းဒေသရှိတောင်သူလယ်သမားများ၏ လူနေမှုဘဝတိုးတက်မြင့်မားရေးစီမံကိန်း” မှ မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသရှိ ဆိတ်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ မလှိုင်၊ ပခုက္ကူ နှင့် ရေစကြိုမြို့နယ်များရှိ ဆိတ်မွေးမြူထုတ်လုပ်မှုအခြေအနေများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလအထိ လေ့လာသုံးသပ်မှုများပြုလုပ်ခဲ့ပါသည်။ လေ့လာရေးတွင်အသားတိုးဆိတ်ခြံ (၆၆) ခြံနှင့် မျိုးဆိတ်ခြံ (၇၈) ခြံကို FAO-LIFT စီမံကိန်းမှ Chief Technical Adviser ဖြစ်သူ Dr. Murray Maclean နှင့် အမျိုးသားစီမံကိန်းညှိနှိုင်းရေးမှုး ဒေါက်တာနှင်းသီတာမြင့်တို့ဦးဆောင်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လူငယ်ပညာရှင် (၇) ဦး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးကြပ်ရေးမှူး (၁၁) ဦး၊ တိရစ္ဆာန်ကျန်းမာရေး အကူလုပ်သား (၁၁) ဦးတို့မှပူးပေါင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။ လေ့လာတွေ့ရှိချက်များကိုသုံးသပ်ပြီးနောက် အပူပိုင်းဒေသတွင် ဆိတ်မွေးမြူရေးပိုမိုတိုးတက်လာစေရန် လွှတ်ကျောင်းမွေးမြူခြင်းသာမက အာဟာရပြည့်ဝ သော စနစ်တကျ အစာကျွေးမွေးသည့်စနစ်၊ ကိုယ်အလေးချိန်ချိန်သည့် အလေ့အကျင့်၊ မှတ်တမ်းမှတ်သည့် အလေ့အကျင့်၊သိုး/ဆိတ်များတွင်အဖြစ်များသော ရောဂါများအကြောင်း အစရှိသည်တို့ကို မွေးမြူသူတို့အား အသိပညာပေးဆောင်ရွက်ခဲ့ပြီး မွေးမြူသူအများစုမှာ လေ့လာရေးပြီးဆုံးသည်မှ ယခုအထိ ထိုအလေ့အကျင့် များအား လိုက်နာကျင့်သုံးလျက်ရှိကြောင်းသိရှိရပါသည်။ အပူပိုင်းဒေသတွင် ဆိတ်မွေးမြူရေးသည် စနစ်တကျ အစာကျွေးမွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများရှိခြင်း၊ ခြံစီမံခန့်ခွဲမှုများနှင့် ဆိတ်မွေးမြူရေးတွင် သိသင့်သိထိုက်သည့် အချက်များအားသိရှိပြီးလိုက်နာကျင့်သုံးဆောင်ရွက်ပါက လက်ရှိလွှတ်ကျောင်းမွေးမြူခြင်း ထက် မွေးမြူချိန်လျော့ချပေးပြီး အချိန်တိုအတွင်း အမြတ်ငွေရရှိနိုင်သော စီပွားရေးလုပ်ငန်းတစ်ခုပင်ဖြစ်သည်။