Image: 

“ ခွေးရူးရောဂါကင်းစင်ဖို့ ကာကွယ်ဆေးထိုးကြစို့” ဆောင်ပုဒ်နှင့်အညီ ကျင်းပသော “ World Rabies Day” အခမ်းအနားကို နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပ

စက်တင်ဘာလ 30, 2019

RABIES; Vaccinate to Eliminate “ ခွေးရူးရောဂါကင်းစင်ဖို့ ကာကွယ်ဆေးထိုးကြစို့” ဆောင်ပုဒ်နှင့်အညီ ကျင်းပသော “ World Rabies Day” အခမ်းအနားကို ၂၈-၉-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပရာ အဆိုပါအခမ်းအနားသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင် စိုက်ပျိုးမွေးမြူရေးတာဝန်ခံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ Four Paws International မှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်အသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီမှ ကိုယ်စားလှယ်များ၊ မိတ်ဖက်ဝန်ကြီးဌာန အသီးသီးမှ ဌာနဆိုင်ရာအကြီးအကဲများ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမှ အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံတွင်လည်း  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ နှစ်စဉ် စက်တင်ဘာလ (၂၈) ရက်နေ့ရောက်တိုင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးပြီး ပညာပေးဟောပြောပွဲများ၊ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းလုပ်ငန်းများ တစ်ပြိုင်နက်ဆောင်ရွက်ပြီး အခမ်းအနားများကျင်းပပြီး ခွေးရူးရောဂါကာကွယ်ရေး  အသိအမြင်ဗဟုသုတများ တိုးပွားပြီး ဆုံးရှုံးပျက်စီးမှုများ လျော့ပါးစေရန်နှင့် ရောဂါကာကွယ်မှု လုပ်ငန်းများတွင်လည်း ပြည်သူလူထုတက်ကြွစွာပါဝင်လာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားရပြီး ခွေးရူးရောဂါဖြစ်ပွားလျက်ရှိသည့် ခွေး၏တံတွေးမှတစ်ဆင့် ကူးစက်ခြင်းကြောင့် ရောဂါလက္ခဏာပြမှကုသပါက ပျောက်ကင်းမှုမရှိဘဲ ကာကွယ်ဆေးဖြင့် ကြိုတင် ကာကွယ်မှသာ ရာနှုန်းပြည့်ကာကွယ်နိုင်သည့်ရောဂါဖြစ်သည့်အတွက်ကြောင့် အိမ်မွေးတိရစ္ဆာန်ခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် ခွေးရူးရောဂါကြောင့် သေကြေဆုံးရှုံးမှုကို လျော့ပါးစေနိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဌာနခွဲမှ  ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်မှ ၂၀၃၀ တွင် ခွေးရူး ရောဂါကင်းစင်ရေးအတွက် အခြေခံလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး  ၎င်းနောက် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး၍ ပြခန်းများအား လှည့်လည်ကြည့်ရှု ကြပါသည်။