Image: 

"၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်"

အောက်တိုဘာလ 28, 2020

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၈-၁၀-၂၀၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ မွေးမြူရေးနည်းစနစ်များ ခေတ်မီတိုးတက်လာစေရေး၊ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး၊ မွေးမြူရေးလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးတို့အတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသည်ကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာပါ လုပ်ငန်းရပ်များကို အောင်မြင်အောင်အကောင်ထည်ဖော်ဆောင်ပြီး အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေး နှင့် ပြည်တွင်းအရင်းအမြစ်များ ပိုမိုဖြစ်ထွန်းလာစေရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း လမ်းညွှန်မိန့်ကြားခဲ့ပါသည်။

         ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် အစားအစာဘေးကင်းလုံခြုံရေး၊ မျိုးမြှင့်တင်ခြင်း၊ တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးခြင်း၊ ကျေးလက်ဒေသ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုလုပ်ငန်းများ၊ ပြည်ပပို့ကုန် တိုးမြှင့်ရေး၊ နှင့် CERP အရ မြို့နယ်ပေါင်း (၁၁၈) မြို့နယ်ရှိ မွေးမြူရေး လုပ်ငန်းနှင့်ဆက်စပ်သူ (၆၀၀၀၀) အား မွေးမြူထုတ်လုပ်မှုဆိုင်ရာ သင်တန်းများပို့ချပေးခဲ့မှုအခြေအနေများအား တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ကိုဗစ်ကာလအတွင်း ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် စီမံကွပ်ကဲသွားရန် လမ်းညွှန် မိန့်ကြားခဲ့ပါသည်။

         အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ် ဦးစီးဌာနများမှ တာဝန်ခံများ စုစုပေါင်း (၁၀၈၅) ဦးတက်ရောက်ခဲ့ကြပြီး ၂၀၂၀-၂၁ ခု၊ ဘဏ္ဍာနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များအား ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။