Image: 

"၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ (၄) လပတ် (အောက်တိုဘာလမှ ဇန်နဝါရီလ) အထိ လုပ်ငန်းညှိနှိုင်းအစည်းအဝေး"

မတ်လ 5, 2020

   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊  ပထမ (၄) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၅) ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၃၆) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

     အစည်းအဝေးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊  ပထမ (၄) လပတ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးခြင်း၊ ၄-၃-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် လူငယ်ပညာရှင်များ၏ ဌာနတွင်းစာတမ်းဖတ်ပွဲမှ ဆုရစာတမ်းရှင်များအားဆုချီးမြှင့်ခြင်းနှင့် ဌာနမှလက်ရှိဆောင်ရွက်လျက်ရှိသော မွေးမြူထုတ်လုပ်မှုကဏ္ဍနှင့် ရောဂါထိန်းချုပ်ရေးကဏ္ဍအသီးသီးမှလုပ်ငန်းစဉ်များအား စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာရလဒ်များနှင့် ကိုက်ညီမှုအား ဆွေးနွေးသုံးသပ်ခဲ့ကြောင်းသိရှိရပါသည်။

    မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းစားသုံးမှုဖူလုံရေးအပြင် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများသို့ ကျွဲနွားများတရားဝင်တင်ပို့ခြင်းမှ နိုင်ငံ တော်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ (၅၀၀) သန်းကျော် ရှာဖွေပေးခဲ့ပြီး မိမိတို့ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့တို့အကြားပြုလုပ်မည့် “မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် ကျွဲနွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနဲ့ ကျန်းမာရေးလိုအပ်ချက်များအစီအမံ”ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အရင်းအမြစ်များထိန်းသိမ်းနိုင်ရန် ကျွဲနွားမှတ်ပုံတင်ခြင်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်မှ လူသို့ကူးစက်ရောဂါနှင့် ပဋိဇီဝဆေးယဉ်ပါးမှု ပြဿနာများအား ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစွမ်းကုန်ကြိုးစားအားထုတ်လျက်ရှိကြောင်း၊ နိုင်ငံတော်ရန်ပုံငွေများ၊ ပြည်တွင်းပြည်ပထောက်ပံ့ငွေများကို အများပြည်သူအကျိုးရှိမည့် လုပ်ငန်းများအတွက် ဦးစားပေးပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနဲ့အညီ သုံးစွဲသွားမည်ဖြစ်ကြောင်း၊ မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏာန်းများ ကောက်ယူသုံးသပ်ခြင်း၊ မျိုးရင်းများထိန်းသိမ်းခြင်း၊ ဈေးကွက်နှင့် ကိုက်ညီသောမျိုးကောင်းမျိုးသန့်များပိုမိုမွေးမြူထုတ်လုပ်နိုင်ရန် လိုအပ်သောအစာ၊ မျိုးနှင့် စားကျက် မြေများ လုံလောက်စွာ ရရှိရေးအတွက် သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မေထုန်မဲ့ သားစပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ နည်းပညာဖြန့်ဖြူးခြင်း၊ တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးမှု၊တိရစ္ဆာန်ရောဂါထိန်းချုပ်ဇုန်နှင့် တိရစ္ဆာန်ရောဂါစောင့်ကြည့်ထိန်းသိမ်း ရေးစခန်းများထူထောင်နိုင်ရန်လိုအပ်သည့်ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ သင်တန်းများပို့ချခြင်း၊ သုတေသနကိုအခြေခံသည့် လုပ်ငန်းစီမံချက်များချမှတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ပြန်လည်သုံးသပ်စစ်ဆေးအကဲဖြတ်ခြင်း (M&E process) ကိုထည့်သွင်းခြင်းတို့ဖြင့် ဝန်ကြီးဌာန၏ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူမှ ပြောကြားခဲ့ပါသည်။