Image: 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေးအခမ်းအနား

ဇွန်လ 28, 2019

          ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့က၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံကျောင်းများ နို့တိုက်ကျွေးရေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အလှူရှင်များနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

           ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် အနာဂတ်လူငယ်များဉာဏ်ရည် တိုးတက်စေပြီး ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ ကျောင်းနေအရွယ်ကလေးငယ်ဘဝမှ အဟာရ ပြည့်ဝစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံကျောင်းများတွင် နို့တိုက် ကျွေးခြင်းကို နိုင်ငံတော်စီမံကိန်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ နို့တိုက် ကျွေးခြင်းကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ထိ အလှူရှင်များ၏လှူဒါန်းမှုနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်ရှိ ကျောင်းပေါင်း (၁၂၅၉၇) မှ ကျောင်းသား/သူပေါင်း (၂,၆၄၆,၁၆၂)ဦး တိုက်ကျွေးနိုင်ခဲ့ပါကြောင်း၊ နောင်တွင်လည်း ရေရှည် တည်တံ့သောနို့တိုက်ကျွေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၊ အလှူရှင်နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ မိဘဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/သူ များအပါအဝင် အတူတကွ လက်တွဲဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ ကျောင်းသား/ သူများအား နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခဲ့ကြပါသည်။

             ကမ္ဘာ့ကုလသမ္မဂ၏ ဆန်းစစ်ချက်အရ ကမ္ဘာပေါ်ရှိ လူဦးရေ (၇၉၅)သန်းသည် ဆာလောင်မွတ်သိပ်စွာ အိပ်ယာဝင်နေကြရပြီး ထိုအထဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကလေး(၆)ဦးလျှင် (၁) ဦးကျနှုန်း ပါဝင်ပါသည်။ WEP ၏ ဆန်းစစ်ချက်တွင် နိုင်ငံပေါင်း (၁၆၉) နိုင်ငံမှ ကလေးသူငယ် (၃၆၈) သန်းသည်  စာသင်ကျောင်းများ၏အာဟာရအစီအစဉ်တွင် ပါဝင်ခွင့်ရပြီး စာသင်ကျောင်းတွင် အာဟာရဖြည့်စွက်ကျွေးမွေးမှုအတွက် ၁၆ ဒေါ်လာအသုံးပြုတိုင်း စီးပွားရေးအရ (၃) ဒေါ်လာ ပြည်လည် ရရှိနိုင်ပါသည်။ စာသင်ကျောင်းများတွင် နို့တိုက်ကျွေးရေးအစီအစဉ်သည် ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် ဉာဏ်ရည်ပြည့်ဖြိုးမှုကို အထောက်အကူပြုသကဲ့သို့ မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေးလုပ်ငန်းကိုလည်း တိုးတက်လာစေနိုင်ပါသည်။