Image: 

အင်းစိန်မြို့နယ်တွင်ခွာနာလျှာနာရောဂါကာကွယ်ဆေးဝါးထုတ်လုပ်ရေးစက်ရုံပန္နက်တင်ခြင်းအခမ်းအနားပြုလုပ်

ဇွန်လ 24, 2019

   မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခွာနာလျှာနာရောဂါကာကွယ်ဆေးဝါးထုတ်လုပ်ရေး စက်ရုံပန္နက်တင်အခမ်းအနားကို ဇွန်လ (၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးဝန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာဂျပန်သံအမတ်ကြီး H.E Mr.Ichiro MARUYAMA၊  JICA Chief Representative Mr. Masayuki KARASAWA၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း၊ YAMASHITA Sekkei CM and TAKENAKA Corporation မှကိုယ်စားလှယ်များတက်ရောက်ကြသည်။

     အဆိုပါစီမံကိန်းသည် စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ ခွာနာလျှာနာရောဂါကာကွယ်ထိန်းချုပ်မှုမြှင့်တင်ရေးစီမံကိန်း(Improvement for Foot and Mouth Disease Control in Myanmar) ကို ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအနေဖြင့် ခွာနာ လျှာနာရောဂါကာကွယ်ဆေးတစ်နှစ်လျှင် အဆ (၁) သန်း ထုတ်လုပ်နိုင်ရန်အတွက် အဆောက် အဦတည်ဆောက်ခြင်း၊ ခွာနာလျှာနာရောဂါစစ်ဆေးခြင်းအတွက် လက်ရှိအဆောက်အဦ အားပြင်ဆင်ခြင်း၊ ခွာနာလျှာနာရောဂါကာကွယ်ဆေး ထုတ်လုပ်မှုနှင့် ရောဂါစစ်ဆေးခြင်းအတွက် လိုအပ်သောဓာတ်ခွဲခန်းသုံးပစ္စည်းများတင်သွင်းခြင်း၊ တပ်ဆင်ခြင်းနှင့် လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် အကြံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဂျပန်ယန်း (၁၄၁၇)သန်းကို ကကူညီပေးသွားမည်ဖြစ်ပါသည်။ ခွာနာလျှာနာရောဂါကာကွယ်ဆေးပိုမိုထုတ်လုပ်ပေးခြင်းနှင့် ရောဂါရှာဖွေရေးဓါတ်ခွဲ ခန်းလုပ်ငန်းများတိုးတက်မြင့်မားလာစေခြင်းမှတဆင့် မြန်မာနိုင်ငံတွင်ခွာနာလျှာနာရောဂါဖြစ်ပွားမှုကိုထိန်းချုပ်လာနိုင်စေပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေမည်ဖြစ်ပါသည်။