Image: 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ် ပထမ (၄)လပတ် ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နိုဝင်ဘာလ 5, 2019

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ "၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်  ပထမ (၄)လပတ် ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး"ကို ရုံးအမှတ် (၃၆) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ (၄)ရက်နေ့ နံနက် (၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

        အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန မှ တိုင်းဒေသကြီးဦးစီးမှူးများ၊ ဒုတိယတိုင်းမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

        ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူမှ အမှာစကားပြောကြားရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်းများကိုအခြေခံပြီး တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်သာမက ခရိုင်/မြို့နယ်အဆင့်စီမံချက်များရေးဆွဲပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် (GAHP) ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာပြီး တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အထိ တိုးချဲ့ မွေးမြူခြင်းလုပ်ငန်းများကို အားပေးကူညီရန်လိုအပ်ကြောင်း၊ သုတေသနကိုအခြေပြုသောနည်းပညာများ ဖြန့်ဖြူးပေးရန်လိုအပ်ကြောင်း၊  တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများ အရည်အသွေးမြင့်မားစွာ ထုတ်လုပ်နိုင်မှသာ အရင်းအမြစ်များကို မထိခိုက်စေဘဲ ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန်လိုအပ်ကြောင်း၊  ဈေးကွက်နဲ့ကိုက်ညီသော ထုတ်ကုန်များကို သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီရေးသည်လွန်စွာအရေးကြီးကြောင်းပြောကြားခဲ့ပါသည်။

        မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းမှ ၂၀၁၉ခုနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တိရစ္ဆာန်ရောဂါတွေ့ရှိရမှုအခြေအနေများ၊ သဘာဝဘေးဒဏ်အန္တရာယ်ခံစားနေရသောဒေသများသို့ တိရစ္ဆာန်အစာနှင့် ဆေးဝါးဖြန့်ဖြူခြင်းလုပ်ငန်းများ၊ ပျားမွေးမြူရေးဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ လုပ်ဆောင်ပြီးစီးပြီးဖြစ်သော လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။