Image: 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲထွန်းဝင်းသည် (၈၇) ကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ အထွေထွေညီလာခံသို့တက်ရောက်

မေလ 31, 2019

           မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းဦးဆောင်၍ ညွှန်ကြားရေးမှူးဒေါက်တာမင်းသိမ်းမော်နှင့် သုတေသနအရာရှိ ဒေါက်တာအောင်ဇော်မိုးတို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) မှ နှစ်စဉ်ကျင်းပသည့် “87th General Session of the World Assembly of Delegates of the OIE” အထွေထွေညီလာခံကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင်(၂၆-၅-၂၀၁၉) ရက်မှ (၃၁-၅-၂၀၁၉) ရက်အထိ တက်ရောက်ခဲ့ပါသည်။

          အဆိုပါညီလာခံတွင်သဘာဝဘေးအန္တရာယ်၊ ပဋိပက္ခ၊ လူမှုစီးပွားရေးနှင့် ကုန်ကွယ်မှု ဆိုင်ရာအချက်များ၏ တိရစ္ဆာန်ဆေးကုသရေး ဝန်ဆောင်မှုလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု၊ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နည်းလမ်းများစသည့် ကိစ္စရပ်များအား အဓိကထား ဆွေးနွေးခဲ့ကြသည်။

          ထို့အပြင် အခြားနိုင်ငံဆက်စပ်အဖွဲ့များနှင့် နှစ်နိုင်ငံမိတ်ဖက် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများတင်ပို့ရောင်းချရေးဆိုင်ရာ မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ၊ တိရစ္ဆာန်ကူးစက်ရောဂါဆိုင်ရာအချက်အလက်များ၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး ဘိုလစ်ဘီးယားနိုင်ငံနှင့် မျိုးမြှင့်တင်ရေးကိစ္စရပ်များဆွေးနွေးခဲ့ကြပါသည်။ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ (၂) ရက်၊၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။