Image: 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (၁/၂၀၂၀) ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဇန်နဝါရီလ 15, 2020

        မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို     (၃-၁-၂၀၂၀) ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၃၆) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

        အခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ်မှ နုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ရာ ၂၀၁၉ ခုနှစ်သည် ဌာနအတွက် ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်ခဲ့ရသော်လည်း ဌာနမှဝန်ထမ်းများ တက်ညီလက်ညီဖြင့် ဆောင်ရွက်ခဲ့သဖြင့် လုပ်ငန်းများစွာ ပြီးမြောက် အောင်မြင်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရားဝင် ကျွဲ၊နွား ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ခဲ့ပြီး ကျွဲနွားတင်ပို့ခြင်းနှင့် ပါတ်သက်၍ ကျွဲနွားများကို အရေးကြီးကုန်စည်မှ ပယ်ဖျက်ပြီး ကျွဲနွား တိရစ္ဆာန်များနှင့် ပတ်သက်၍ လိုအပ်သော အမိန့်ထုတ်ပြန်နိုင်သည့် အခွင့်အာဏာကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ လွှဲအပ်ခဲ့ သည့် အတွက် ကျွဲနွားတင်ပိုခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ပြင်ဆင်ခဲ့ပါ ကြောင်း၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများကို စနစ်တကျပါဝင်လာစေရေးနှင့် အသိ အမှတ်ပြုလက်မှတ်များထုတ်ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လေ့ကျင့် သင်ကြားရေးဆေးရုံကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါကြောင်း၊ အင်းစိန်မြို့နယ်တွင် JICA အကူအညီဖြင့် ခွာနာလျှာနာရောဂါကာကွယ်ဆေး ထုတ်လုပ်ရေး စက်ရုံအား တည်ထောင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဖြတ် ကျော် ရောဂါများဖြစ်သည့် အာဖရိက ဝက်အပြင်းဖျားရောဂါကိုလည်း အောင်မြင်စွာ ထိန်းချုပ် ကာကွယ်နိုင်ခဲ့ ခွေးရူး ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး နိုင်ငံတော်အဆင့်စီမံချက် ချမှတ် ပြီး ၂၀၃၀ ခုနှစ် တွင် အမြတ်ပြတ် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာန ၏ တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်တင်ပြနိုင်ခဲ့ပြီး တိရစ္ဆာန်အစာနှင့် ဆေးဝါဥပေဒေကြမ်းကိုလည်း ရေးဆွဲဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မေထုန်မဲ့သားစပ် လုပ်ငန်းကိုလည်း မွေးမြူကောင်ရေ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မွေးမြူမှုဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အဆင့် စီမံချက် များ ရေးဆွဲချမှတ် အကောင် အထည်ဖော်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

        ဌာနဝန်ထမ်းများနေဖြင့် ယခု ၂၀၂၀ ခုနှစ်တွင်လည်း လုပ်ငန်းများ ကြိုးပမ်း ဆောင်ရွက် ကြစေလိုပြီး မိမိတို့ကြုံတွေ့ရသည့် အခက်အခဲများကို ယခုဆန္ဒထုတ်ဖော်ပွဲမှာ ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ မိမိအနေဖြင့် အခက်အခဲများကို အတတ်နိုင်ဆုံး ပြေလည်စေရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နှစ်သစ်မှာ ကိုယ်ချမ်းသာ စိတ်ချမ်း သာဖြင့် နိုင်ငံတာဝန်များထမ်းဆောင်နိုင်စေရေး ဆန္ဒပြုပါကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဌာနခွဲအလိုက် ဝန်ထမ်းများမှ အခက်အခဲများကို တင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်မှ လတ်တလောဖြေရှင်းပေးနိုင်သည့် ကိစ္စများကို ညှိနှိုင်း ဖြေရှင်းပေးခဲ့ပြီး ကျန်ကိစ္စများကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။