Image: 

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများရှင်းလင်းပွဲပြုလုပ်

ဧပြီလ 24, 2019

 

မြန်မာနိုင်ငံ၏မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးစေရန်ရည်ရွယ်၍FAO-LIFT အကူအညီဖြင့် ကွင်းဆင်းစစ်တမ်းကောက်ယူဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ ရှင်းလင်း ဆွေးနွေးပွဲကို၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့လည် (၁)နာရီတွင် ရုံးအမှတ် (၃၆)၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ် ခဲ့သည်။ အဆိုပါရှင်းလင်းပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က ယခုစီမံကိန်း လုပ်ငန်းများသည် မိမိတို့ မွေးမြူရေး ကဏ္ဍအနေဖြင့် ပြည်သူလူထု၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက် စေရန်အတွက် တဖက်တလမ်းမှ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရရှိလာသောရလဒ်များ  ပေါ်မူတည်၍ မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆက်လက်ချမှတ်နိုင်မည် ဖြစ်ကြောင်းစသည်ဖြင့် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ဤရှင်းလင်းပွဲတွင်ကွင်းဆင်းဆောင်ရွက်ခဲ့သည့်အဖွဲ့(၅)ဖွဲ့မှ ကိုယ်စားလှယ် (၁၁)ဦးကအဖွဲ့ အလိုက်ဆောင်ရွက်ခဲ့သည့် ဆိတ်၊ ဝက်၊ နွားသိုးမွေးမြူရေး၊ သိုးဆိတ်များ တွင်တွေ့ရသောဘရူးဆဲလားသားလျှောရောဂါနှင့် ကပ်ပါးပိုးဖြစ်ပွားခြင်းဆိုင်ရာ လေ့လာချက်၊ မေထုန်မဲ့သားစပ်လုပ်ငန်း၊ ကြက်လည်လိမ် ရောဂါကာကွယ်ရေး လုပ်ငန်း၊ နေပြည်တော်ဒေသဝက် မွေးမြူရေးစစ်တမ်း၊ နွားငယ်များအာဟာရဆိုင်ရာ၊ ကျေးလက်ဒေသလူမှုစီးပွားရေးဘဝ၊ ကျွဲနွားကုန်သွယ်မှုဆိုင်ရာသုံးသပ်ချက်များ၊ တိရစ္ဆာန်ကျန်းမားရေး လုပ်သားဆိုင်ရာလေ့လာ တွေ့ရှိမှုများအကြောင်းကို ရှင်းလင်း ခဲ့ကြပါသည်။ လေ့လာတွေ့ရှိမှုများကို အခြေခံ၍မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေ ရန်အတွက်လုပ်ငန်းစဉ်များကိုချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တာဝန်ရှိ ဝန်ထမ်းများ၊ ပြည်နယ်/တိုင်းဒေသကြီးများမှမွေး/ကုဦးစီးဌာနမှလူငယ်ပညာရှင်များ(၁၀၄)ဦး၊ စုစုပေါင်း (၁၁၀)ကျော် တက်ရောက်ကြကြောင်းသိရှိရသည်။