Image: 

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ “သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ် - ESMP” ရေးဆွဲရေးနှင့်ပတ်သက်၍ အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဖေဖေါ်ဝါရီလ 21, 2020

  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ "World Bank National Food and Agriculture Systems Project-NFASP” မြန်မာ့စားနပ်ရိက္ခာနှင့်  စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ် - ESMP” ရေးဆွဲရေးနှင့်ပတ်သက်၍ အများပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား" ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ဇေယျတုခန်းမတွင် ၁၇-၂-၂၀၂၀ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီမံကိန်းနှင့်ဆက်စပ်လျက်ရှိသော ကျေးရွာများမှပြည်သူများ၊ ကမ္ဘာဘဏ်အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ပါသည်။

  အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာဘဏ်အကူအညီနှင့်ဆောင်ရွက်ရန် စီမံကိန်းအဆိုပြုထားသည့် “မြန်မာနိုင်ငံတွင်   နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် မေထုန်မဲ့သားစပ်လုပ်ငန်းတိုးမြှင့်ဆောင်ရွက်ခြင်းနှင့် သဘာဝသားစပ်လုပ်ငန်းမြှင့်တင်ဆောင်ရွက်ခြင်းစီမံကိန်း”နှင့် ပတ်သက်၍ စီမံကိန်းတာဝန်ရှိသူများက ဒေသခံပြည်သူများအား အဆိုပြုစီမံကိန်းဆိုင်ရာအစီအမံများကို ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပါသည်။

  စီမံကိန်းကို မြန်မာနိုင်ငံ၏ နွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မေထုန်မဲ့သားစပ်လုပ်ငန်းနှင့် သဘာဝသားစပ်လုပ်ငန်းများကို တိုင်းဒေသကြီး (၆)ခုမှ ခရိုင်(၂၄)ခု၊ မြို့နယ်ပေါင်း(၄၄)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပြည်သူပေါင်း (၁)သိန်းဝန်းကျင် အကျိုးခံစားရမည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။

  အခမ်းအနားကို နံနက် (၉:၀၀) နာရီတွင်စတင်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကမ္ဘာ့ဘဏ်ဌာနေ ကိုယ်စားလှယ် Ms.Mio Takada မှလည်း စီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြင်းမူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ “မြန်မာနိုင်ငံတွင်   နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် မေထုန်မဲ့သားစပ်လုပ်ငန်းတိုးမြှင့်ဆောင်ရွက်ခြင်းနှင့် သဘာဝသားစပ်လုပ်ငန်းမြှင့်တင်ဆောင်ရွက်ခြင်း စီမံကိန်းဆိုင်ရာများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာသီဟလွင်မှလည်းကောင်း၊ “သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်-ESMP” ရေးဆွဲရေးနှင့် ပက်သက်၍ ဒေါက်တာတင့်တင့်စိုးမှလည်းကောင်းရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှ စီမံကိန်းဆိုင်ရာ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။ အခမ်းအနားကို နံနက်(၁၁:၃၀) တွင် ရုပ်သိမ်းခဲ့ပါသည်။