Image: 

မြန်မာနိုင်ငံ၏ ပထမဆုံးသောတိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station) ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင်ဖွင့်လှစ်

ဧပြီလ 25, 2019

 

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနသည် တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက် ပစ္စည်းများ ပြည်ပသို့တရားဝင်တင်ပို့ရာတွင် မရှိမဖြစ် လုပ်ငန်းစဉ်တစ်ခုဖြစ်သော တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းစဉ် များ ဆောင်ရွက်ရသည့် တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station) ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ဧပြီလ ၂၂ ရက် နံနက်ပိုင်းတွင်ဖွင့်လှစ်ခဲ့ပါသည်။ ပထမဉီးစွာ ပြည်ထောင်စုဝန်ကြီးသည် တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station) မုဒ်ဦးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ စစ်ဆေးရေး စခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

          ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မွေးမြူသူတောင်သူများထိုက်သင့်သည့် အကျိူးအမြတ်ရရှိစေရန် နိုင်ငံတော်အစိုးရအနေဖြင့် ကျွဲ၊နွားများတရားဝင်တင်ပို့ရောင်းချနိုင်ရန် ၂၀၁၇ခုနှစ်၊ အောက်တို ဘာလ (၉)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၁၇) ကို ထုတ်ပြန်ပြီးခွင့်ပြုပေးခဲ့ကြောင်း၊ ရောင်းလို အားနှင့်ဝယ်လိုအားကိုအခြေခံပြီး ကျွဲ၊နွားများတရားဝင်တင်ပို့ ရောင်းချ နိုင်ရန် စီမံဆောင်ရွက်ခြင်းနှင့်အတူ တစ်ဘက်တွင်လည်း တစ်နိုင်ငံမှတစ်နိုင်ငံသို့ တိရစ္ဆာန်များ ကုန်သွယ်မှုပြုလုပ်ရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီ လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ပြီး ထိန်းသိမ်းစောင့်ကြည့်သွားခြင်းဖြင့် နယ်စပ်ဖြတ်ကျော်တိရစ္ဆာန် ကူးစက် ရောဂါ (Trans-boundary Animal Diseases) ကို ထိန်းချုပ်ရန်လိုအပ်လာသဖြင့် ယခုကဲ့သို့ တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ကျွဲ၊နွားများပြည်ပသို့တင်ပို့ရောင်းချရာတွင်တိရစ္ဆာန်ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားရလေအောင်မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးပြီး ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းနှင့်စည်းမျဉ်း စည်းကမ်းများချမှတ်ခြင်း၊ အမှတ်အသားတပ်ဆင်ပေးခြင်း၊ ကာကွယ်ဆေးထိုး‌ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စစ်ဆေးပြီးကြောင်းထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊ Animal Quarantine Certificate ထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို ဝန်ကြီးဌာနရဲ့ကြီးကြပ်မှုဖြင့် နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ယခုလို Animal Quarantine Station တည်ထောင် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြား သည်။

          တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်၊မွေး၊ဆည်ဝန်ကြီး ဦးစိုင်းလုံးကျော်၊ လွှတ်တော် ကိုယ်စား လှယ်များ၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စစ်ဗျူဟာမှူး၊ အခြေချစစ်ဗျူဟာအဖွဲ့ (ကွတ်ခိုင်)၊ ပြည်သူ့စစ်အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။

          ယခုဖွင့်လှစ်သည့် တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း၊ ကွတ်ခိုင် ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ Mini Budget အတွင်း ဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ် ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်းတစ်ခု ထပ်မံတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ပြည်ပသို့ကျွဲနွားတင်ပို့မှုများကြောင့် ပြည်တွင်းစားသုံးမှုပမာဏ မထိခိုက်စေရေး၊ နိုင်ငံတွင်းရှိ အရင်းအမြစ်များ မကုန်ခန်းစေရေးနှင့် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီ သည့် မွေးမြူရေးလုပ်ငန်းများဖြစ်ထွန်းလာရေးအတွက် ကျွဲ၊နွားများတိုးချဲ့မွေးမြူစေရေး၊ မျိုးထိန်းမျိုးမြှင့်ရေး၊ အစာနှင့်စားကျက်လုံလောက်စေရေး၊ မေထုန်မဲ့သားစပ်ခြင်းနှင့် သဘာဝ  သားစပ်လုပ်ငန်းများတိုးတက်စေရေး စသည့်လုပ်ငန်းကဏ္ဍများကိုလည်း စနစ်တကျ စီမံချက် များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

          နယ်စပ်ဖြတ်ကျော်တိရစ္ဆာန်ကူးစက်ရောဂါများ(Trans-boundary Animal Diseases) ကို ထိန်းချုပ်နိုင်ရန်အတွက် ကုန်သွယ်မှုပြုလုပ်နိုင်သော ကျွဲနွားများကိုနိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်းတွင် ထိန်းသိမ်း ထားရှိ၍ လိုအပ်သည့်စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Bliss Myanmar International Co., Ltd. မှ တာဝန်ရှိသူအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး အဆိုပါကုမ္ပဏီမှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းအား တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်းဆိုင်ရာ အဆောက်အဦများနှင့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။