Image: 

တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ကုန်သွယ်မှုထိန်းချုပ်ရေးကွန်ရက်စနစ် (SMART Trade Control Networking System) တွင် ထည့်သွင်းမည့် အချက်အလက်များစုစည်းခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးပြုလုပ်ကျင်းပ

ဇန်နဝါရီလ 14, 2020

   တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ကုန်သွယ်မှုထိန်းချုပ်ရေးကွန်ရက်စနစ် (SMART Trade Control Networking System)တွင် ထည့်သွင်းမည့် အချက်အလက်များ စုစည်းခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၂၃၊၂၄) ရက် နံနက်(၉) နာရီတွင် နေပြည်တော်၊ ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရိဟိုတယ် ၌ကျင်းပပြုလုပ်ခဲ့ပါသည်။  အစည်း အဝေးပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ကွန်ရက်စနစ်တွင် ထည့်သွင်းရမည့် အချက်အလက် များ၊ လုပ်ငန်းအဆင့်များစုစည်း၍ ကွန်ရက်ပုံစံမူကြမ်းအား စိစစ်အတည်ပြုပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါသည်။

   အဆိုပါအစည်းအဝေးသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ တိရစ္ဆာန်ကျန်းမာရေး စောင့်ကြည့်စစ်ဆေးရေးစခန်းမှတာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် စောင့်ကြည့်စစ်ရေးစခန်းမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမားရေးဌာနခွဲမှ တာဝန်ရှိသူများ၊ စီးပွားရေး အထောက်အကူပြုဌာနခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြပါသည်။

    မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြား ရာတွင် ကျွဲနွားတင်ပို့ခြင်းလုပ်ငန်းများကို စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေး နိုင်ရန်၊ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေ လျှော့ချပေးနိုင်ရန်နှင့် စာရွက်စာတမ်း တွေကို မသမာနည်းနဲ့အသုံးပြမှုတွေ လျော့ချနိုင်ရန်အတွက် နည်းပညာအသုံးချ ဆောင်ရွက် သွားဖို့ လိုအပ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါများကို ထိန်းချုပ်ရာမှာ Animal Movement ကို ထိရောက်စွာ စောင့်ကြည့်ထိန်းချုပ်နိုင်ရန်နှင့် တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းများတင်သွင်း၊တင်ပို့တဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိ၊ မရှိကို သေချာစွာစိစစ် ပေးနိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးစိစစ်ပြီးထောက်ခံချက် ထုတ်ပေးသည့်နေရာမှာ လွယ်ကူတိကျမှန်ကန်ပြီး မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရန်နှင့် တရားဝင်ကုန်သွယ်မှု ကူး ပြောင်းသော အချိန်မှာ ဌာနလုပ်ငန်းတွေကို မြန်ဆန်တိကျစွာဆောင်ရွက်ပေးနိုင်ရန် Online စနစ်နှင့် Networking System လည်းလိုအပ်ပါကြောင်း၊ Networking System သည် ဌာနလုပ်ငန်းများ လွယ်ကူတိကျမှန်ကန်ပြီး မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရန်သာမက ကုန်သွယ်ရေးဦးစီး ဌာနက မကြာမီအသုံးပြုမည့် Myanmar Trade Net နဲ့ချိတ်ဆက် ဆောင်ရွက်သွားနိုင်မှာ ဖြစ်သည့်အတွက် သွင်းကုန်၊ထုတ်ကုန် လိုင်စင်လျှောက်ထားတဲ့ နေရာမှာ ပိုမိုလွယ်ကူလာပြီး National Single Window စနစ်နှင့်ပါ နောင်တချိန် ချိတ်ဆက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိ သူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် စနစ်အတွင်းမှာ ထည့်သွင်းရမယ့် အချက်အလက်တွေ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းတွေကို ချပြဆွေးနွေးပြီး နည်းပညာအကြံပေးအဖွဲ့၏ အကြံဉာဏ်များနှင့် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မည့် စနစ်တစ်ခု ဖြစ်ပေါ်လာရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။