Image: 

တိရစ္ဆာန်ကျန်းမာရေးလုပ်သားဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်လှစ်ကျင်းပ

ဖေဖေါ်ဝါရီလ 18, 2020

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူပေါင်း၍ တိရစ္ဆာန်ကျန်းမာရေးလုပ်သားဆိုင်ရာ ဆရာဖြစ်သင်တန်းကို  နေပြည်တော်၊ တပ်ကုန်းမြို့၊ အေးချမ်းသာရွာရှိလူထုဖွံ့ဖြိုးရေးစင်တာအဆောက်အဦ၌ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယညွန်ကြားရေးမှူးချူပ် ဒေါက်တာသန်းနိုင်ထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာညိုညိုဝင်း၊ တပ်ကုန်းမြိုနယ်ရဲမှူး၊ အရာထမ်း၊ အမှုထမ်းများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသူ/ သင်တန်းသားများတက်ရောက်ကြပါသည်။

အခမ်းအနားတွင် ညွန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းမှအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန၏  ရည်မှန်းချက်ဖြစ်သည့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍  မွေးမြူရေးဆိုင်ရာ မူဝါဒ (၇) ချက်၊ အသားကဏ္ဍ ဆိုင်ရာ မူဝါဒ (၄) ချက်တို့ကိုချမှတ်ပြီး တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု၊ မျိုးဗီဇများထိန်းသိမ်းခြင်းနှင့် မျိုးမြှင့်တင်ရေးလုပ်ငန်းများ၊ မွေးမြူရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ်များထူထောင်ရေးလုပ်ငန်းများ၊ ဓာတ်ခွဲခန်းများအဆင့်မြှင့်တင်ရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများစသည့်တို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းများကို ဌာနကချမှတ်ထားသည့် မူဝါဒများနဲ့အညီ စနစ်တကျဖွင့်လှစ်သွားနိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊  တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ စွမ်းအားများကိုရယူအသုံးချနိုင်ရန်အတွက် မြို့နယ်အဆင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းများ၊ မွေးမြူရေးသင်တန်းများပို့ချပေးပြီး တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ၏ အရည်အသွေးကို မြှင့်တင်ရန် သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းအဖွင့်အမှာစကားပြောကြားပြီးနောက် ညွန်းကြားရေးမှူး ဒေါက်တာနှင်းသီတာမြင့်မှ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဆိုင်ရာစည်းမျဉ်း၊ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်းများအား ရှင်းလင်းပြောကြားပါသည်။                   

အဆိုပါသင်တန်းသို့ သင်တန်းသူ/သားများအဖြစ် ပြည်နယ်/တိုင်ဒေသကြီးများမှ ခရိုင် ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ  စုစုပေါင်းသင်တန်းသား (၃၃) ဦးတို့ကို  ဌာန၏ တိရစ္ဆာန်ကျန်းမာရေးလုပ်သားဆိုင်ရာမူဝါဒများကို  သိရှိနားလည်၍ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်ရာတွင် ကောင်းမွန်သော သင်ကြားနည်းစနစ်ဖြင့် စနစ်တကျသင်ကြားပေးနိုင်မည့်အပြင် စွမ်းရည်ပြည့်မီသော သင်တန်းဆရာကောင်းများအဖြစ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။