Image: 

ကျွဲနွားကုန်သွယ်မှုမူဝါဒနှင့် စည်းမျဉ်းစည်းကမ်းချမှတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဇန်နဝါရီလ 20, 2020

   ကျွဲ၊နွားကုန်သွယ်မှုမူဝါဒနှင့် စည်းမျဉ်းစည်းကမ်းချမှတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ (၁၅ ၊ ၁၆) ရက်  နံနက်(၉) နာရီတွင် နေပြည်တော်၊ ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားအား ကျွဲ၊နွားကုန်သွယ်မှုဖွံ့ဖြိုးပြီး ရေရှည်တည်တံရေးအတွက်  ကိုယ်တိုင်မွေး/မွေးဘက်ပေးစနစ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် ကျွဲ၊နွားဆိုင်ရာ ကျွဲ၊နွားမှတ်ပုံတင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ထောက် ခံချက်လက်မှတ်ထုတ်ပေးခြင်းအား စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် ကျွဲ၊နွားရွှေ့ပြောင်းသယ်ယူမှု လွယ်ကူချောမွေ့စေပြီး ကုန်သွယ်မှုကြောင့် ဖြစ်ပွားနိုင်သော ရောဂါကူးစက်မှုအား လျှော့ချနိုင်ရန်အတွက် လိုအပ်သောစည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါသည်။

   အစည်းအဝေးသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းမှ အမှာစကားပြောကြားရာတွင် ကျွဲ၊ နွားကုန်သွယ်မှု တရားဝင်ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းသည်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသားမွေးမြူသူများ ပြည်ပဈေးကွက်သို့ တိုက်ရိုက်ထိတွေ့ထိုးဖောက်နိုင်ရန်အတွက်လည်းကောင်း၊ ရည်ရှည်တည်တံ့ပြီး ခိုင်မာမှုရှိသော ကျွဲနွားဈေးကွက်ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက်လည်းကောင်း ရည်ရွယ်၍ ကိုယ်တိုင်မွေး/ မွေးဘက်ပေးစနစ်ကျင့်သုံးသော ကျွဲနွားမွေးမြူမှုဆိုင်ရာမူဝါဒချမှတ်ပြီး ကျွဲနွားအမှတ်အသားပြုခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများအား ရေးဆွဲလျက် အရေးကြီးကုန်ပစ္စည်းတွင် ကျွဲ၊ နွားပါဝင်သောကြောင့် တိုင်းပြည်အတွက်  အကျိုးရှိဆုံးလုပ်ငန်းစဉ်များတွင် ကျွဲ၊  နွားကုန်သွယ်မှုပါဝင်နေကြောင်း၊ မွေးမြူထားရှိသောကျွဲ၊ နွားများနှင့်ပတ်သက်ပြီး ကျေးလက်နေပြည်သူများ၏ အကျိုးကျေးဇူးကိုမျှော်လင့်ကြောင်း၊ ကျွဲ၊ နွားများကို ထုတ်ကုန်အဖြစ် မွေးမြူထားသော ကျေးလက်နေပြည်သူများမှသည် ကုန်သည်ဆီသို့ ၊ ကုန်သည်သည်လည်း မွေးမြူသူကျေးလက်နေပြည်သူများကို လက်တွဲခေါ်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှလုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

   အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊  မြို့နယ်ဦးစီးမှူး များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။