Image: 

ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် နည်းပညာများအသုံးပြု၍ ကျွဲ၊နွားအမှတ်သားပြုစနစ် (Animal Identification System) နှင့် တိရစ္ဆာန်နှင့် ဆက်စပ်သည့်ကုန်သွယ်မှုများ စိစစ်ကြီးကြပ်သည့်စနစ် (SMART- Smart Management system for Animal-Related Trades) ဆောင်ရွက်လျက်ရှိ

ဇန်နဝါရီလ 16, 2020

   မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် မြန်မာနိုင်ငံသားမွေးမြူသူများ ပြည်ပဈေးကွက်သို့ တိုက်ရိုက်ထိတွေ့ထိုးဖောက်နိုင်ရန်အတွက်လည်းကောင်း၊ ရေရှည်တည်တံ့ပြီးခိုင်မာမှုရှိသော ကျွဲနွားဈေးကွက် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက်လည်းကောင်း ရည်ရွယ်၍ “ကုန်သွယ်မှုသည် မြန်မာနိုင်ငံအတွက် ဖြစ်ရမည်” “ကုန်သည်မှသည် မွေးမြူသူသို့” စသည့်မူဝါဒများချမှတ် ဆောင်ရွက်လျှက်ရှိပါသည်။ ကျွဲနွားမှတ်ပုံတင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း နှင့် ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်နိုင်ရန်၊ ကျွဲနွားရွှေ့ပြောင်း သယ်ယူမှု လွယ်ကူချောမွေ့စေရန်အတွက် နည်းပညာများကို အသုံးပြု၍ ကျွဲ၊နွားအမှတ်သားပြုစနစ် (Animal Identification System) အား ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစနစ်အား မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်၍  မွေးမြူရေးအာမခံနှင့် မွေးမြူရေးချေးငွေထုတ်ပေးခြင်းတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

   ထို့အပြင် တိရစ္ဆာန်နှင့် ဆက်စပ်သည့်ကုန်သွယ်မှုများ စိစစ်ကြီးကြပ်သည့်စနစ် (SMART- Smart Management system for Animal-Related Trades) ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိရစ္ဆာန်နှင့်ဆက်စပ်ကုန်ပစ္စည်းများ ကုန်သွယ်မှုအား လွယ်ကူ/ တိကျ/မှန်ကန်/မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးထောက်ခံချက် လျှောက်ထားရာတွင် လွယ်ကူချောမွေ့စေရန်နှင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများ ထိန်းချုပ်ရာတွင် စောင့်ကြည့်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် နည်းပညာအသုံးပြု၍ ကွန်ရက်စနစ်တည်ထောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။