Image: 

ကမ္ဘာ့ပျားနေ့ အထိမ်းအမှတ် ပျားရည်နှင့် ပျားထွက်ကုန်ပစ္စည်းများပြပွဲ ပထမအကြိမ်ကျင်းပ

မေလ 23, 2019

               ပထမအကြိမ် ကမ္ဘာ့ပျားနေ့ အထိမ်းအမှတ် ပျားရည်နှင့် ပျားထွက်ကုန်ပစ္စည်းများပြပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တွင် ၂၀၁၉ ခုနှစ် မေလ (၁၉)ရက်နှင့်(၂၀)ရက်တို့၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ပျားရည်တင်ပို့သူများနှင့် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် တက်ရောက် ကြပါသည်။

               အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့် သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းမှ အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းပျားအုံ (၄၀၀)အုံနှင့် ပုဂ္ဂလိက ပျားမွေးတောင်သူ (၆)ဦး၊ ပျားအုံ (၁၃၁၅)အုံ မွေးမြူထားကြောင်းနှင့် တစ်နိုင်ငံလုံးအနေဖြင့် ပျားမွေးမြူရေး လုပ်ငန်းရှင် (၉၅၀)ဦး၊ လုပ်သား (၂၀၀၀) ခန့်မှ ပျားအုံ(၁၈၅၀၀၀)အုံ မွေးမြူလျက်ရှိပါသည်။ နှစ်စဉ် ပျားရည် (၆၅၀၀)မက်ထရစ်တန် ထုတ်လုပ် နိုင်ပြီး နိုင်ငံခြားသို့ တစ်နှစ်လျှင် ပျမ်းမှျ (၂၅၀၀)တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ (၃.၇)သန်း ရရှိလျက်ရှိကြောင်း ပျားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးစေရန် ပျားစားကျက်များတိုးချဲ့ရှာဖွေ၍ ပျားမွေးမြူ ရေး အတတ်ပညာသင်တန်းများပေးခြင်း၊ ပြည်တွင်းတွင် ပျားဘုရင်မ မျိုးကောင်း မျိုးသန့်များ မွေးမြူထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကပညာရှင်များပူပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့ပျားမျိုးစိတ်များ ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက်ပြီး လူ့ပတ်ဝန်းကျင်အတွက် အရေးပါသည့် ပျားများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်း ပြောကြားပါသည်။

              ဆက်လက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းမှ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သည်နှင့်အညီ သီးနှံများ ဖြစ်ထွန်းအောင်မြင်ရေး အတွက် ပျားသတ္တဝါအပါအဝင် အခြားအင်းဆက်သတ္တဝါများ အကူအညီနဲ့ ဝတ်မှုန်ကူးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ သစ်တောများ ပြုန်းတီးလာခြင်း၊ ရာသီဥတု ဖောက်ပြန်ဆိုးဝါးလာခြင်း၊ ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲလာခြင်းများကြောင့် ပျားမျိုးစိတ်များ အပါအဝင် အင်းဆက် သတ္တဝါများ တစ်ဖြည်းဖြည်း မျိုးသုဉ်းပျောက်ကွယ်လျက်ရှိကြောင်း၊ ထိုမျိုးသုဉ်းပျောက်ကွယ်မှုကို ဖြည့်ဆည်း ပေးရန်   ပျားမွေးမြူရေးကဏ္ဍမှ ပျားအုံများ တိုးတက် မွေးမြူခြင်းဖြင့် သီးနှံစိုက်ခင်း များအား ပိုမိုဝတ်မှုန်ကူးဝန်ဆောင်မှု ပေးလာနိုင်ကြောင်း၊ မြန်မာနိုင်ငံ ပျားမွေးမြူရေး ကဏ္ဍမှ နှစ်စဉ်စိုက်ပျိုး သီးနှံဧက သိန်း(၂၀)ခန့်အား ဝတ်မှုန်ကူးဝန်ဆောင်မှု ပေးလျက်ရှိပြီး မြန်မာနိုင်ငံရှိ ဒေသပျားမျိုးစိတ်များ ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်းဟာ တစ်ဖက်တစ်လမ်းက သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုပါ စောင့်ရှောက်နိုင်ခြင်းကြောင့် လူနှင့် လူ့ပတ်ဝန်းကျင် အတွက် အရေးပါလှသည့် ပျားတွေကို ကာကွယ်စောင့်ရှောက်ဖို့လိုကြောင်း တိုက်တွန်း ပြောကြား ပါသည်။ ယင်းနောက် ကမ္ဘာ့ပျားနေ့ ပျားရည်ပြိုင်ပွဲဆုရရှိကြသူများအား တိုင်းဒေသကြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

              ပြပွဲတွင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် နေပြည်တော်မှ ပျားရည်နှင့် ပျားထွက်ပစ္စည်းအရောင်းပြခန်း (၁၀)ခုကျော် ပြသရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံမှ ပျားရည်အဓိကတင်ပို့သည့် နိုင်ငံများမှာ ဂျပန်၊ ကနေဒါ၊ အရှေ့တောင် အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပျားရည်တင်ပို့မှုမှာ ဂျပန်နိုင်ငံ၏ Import စာရင်းအနေဖြင့် အဆင့်(၅)တွင် ရှိနေကြောင်းတွေ့ရှိပါသည်။

              မေလ (၂၀) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပျားနေ့အား ကမ္ဘာ့မှာဂေဟာစနစ်အတွက် အရေးကြီးတဲ့ ဝတ်မှုန်ကူးပေးတဲ့ပျား အပါအဝင် အခြားအင်းဆက်သတ္တဝါတွေရဲ့အခန်းကဏ္ဍကို အများပြည်သူများ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် ကျင်းပရခြင်းဖြစ်ကြောင်း သိရှိပါသည်။