Image: 

ကမ္ဘာ့တိရစ္ဆာန်မှလူသို့ကူးစက်တတ်သောရောဂါများနေ့ (World Zoonoses Day)

ဇူလိုင်လ 5, 2019

 

        ကမ္ဘာ့တိရစ္ဆာန်မှလူသို့ကူးစက်တတ်သောရောဂါများနေ့ကို နှစ်စဉ် ဇူလိုင်လ (၆) ရက်နေ့ တွင် ကျင်းပလေ့ရှိပြီး ယင်းနေ့မှာ ပြင်သစ်ဇီဝပညာရှင် လူးဝစ်ပါစ်ချာ (Louis Pasteur) မှ တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါတစ်မျိုးဖြစ်သည့် ခွေးရူးရောဂါကာကွယ်ဆေးအား အောင်မြင်စွာထုတ်လုပ်ခဲ့ပြီး စတင်သုံးစွဲသည့်နေ့အား ဂုဏ်ပြုကျင်းပခြင်းဖြစ်ပါသည်။ ကမ္ဘာ့ တိရစ္ဆာန်မှလူသို့ကူးစက်တတ်သောရောဂါများနေ့အား တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သော ရောဂါများ၏ ဆိုးကျိုးများကို လူသားအားလုံးသတိပြုမိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

        တိရစ္ဆာန်မှလူသို့ကူးစက်တတ်သောရောဂါများသည် တိရစ္ဆာန်များမှ လူသို့ ရောဂါပိုးမွှား များ (ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးများ) ကူးစက်ပြန့်နှံ၍ ရောဂါဖြစ်ပွားတတ်သော ကူးစက်ရောဂါများဖြစ်ပါသည်။ ရောဂါကူးစက်ရာတွင် တိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်းကောင်း၊ သွယ်ဝိုက်ထိတွေ့ခြင်းဖြင့်လည်းကောင်း၊ ကြားခံတိရစ္ဆာန်များမှ တဆင့်လည်းကောင်း၊ အစား အစာမှ လည်းကောင်း ကူးစက်ဖြစ်ပွားနိုင်ပါသည်။

        ကမ္ဘာပေါ်တွင် (၂.၄) ဘီလီယံသောလူသားများ၏ နာမကျန်းဖြစ်ပွားမှုများသည် တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သောရောဂါများနှင့် သက်ဆိုင်နေပြီး ယင်းရောဂါများကြောင့် (၂.၂) သန်းခန့် သေဆုံးမှုဖြစ်ပေါ်လျှက်ရှိပါသည်။ ယင်းတိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများကို နိုင်ငံ အသီးသီးရှိ တိရစ္ဆာန်ကျန်းမာရေးနှင့် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး ဝန်ဆောင်မှု ပေးသည့် အဖွဲ့အစည်းများ (Veterinary Services) မှ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကိုဆောင်ရွက်ပေးလျှက်ရှိပါသည်။

        ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ပူးပေါင်း၍ လူနှင့်တိရစ္ဆာန်ပတ်ဝန်းကျင် ရောဂါကင်းစင်ရေး အတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး သုံးပွင့် ဆိုင် တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများဆိုင်ရာ လမ်းညွှန်ချက် (Tripartite Zoonoses Guide) ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

        ထို့အပြင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ပူးပေါင်း၍ နိုင်ငံအသီးသီး၌ တစ်ခုတည်းသောကျန်းမာရေး (One Health) လှုပ်ရှားမှုများ ပိုမိုခိုင်မာအားကောင်းစေရန် National Bridging Workshop များကျင်းပပေးပြီး နိုင်ငံအတွင်း အဓိကကျသည့် တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများအား ပူးပေါင်းကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျှက်ရှိပါသည်။

        ၂၀၃၀ ခုနှစ်တွင် ကမ္ဘာတဝှမ်းခွေးရူးရောဂါကင်းစင်ရေးမဟာဗျူဟာအရ ခွေးရူးရောဂါ ကာကွယ်ရေးလုပ်ရှားမှုများအား ဆောင်ရွက်လျှက်ရှိပြီး တိရစ္ဆာန်မှလူသို့ ကူးစက်ရောဂါ ဖြစ်သည့် အဆုတ်ရောင် တီဘီရောဂါကင်းစင်းရေး လူနှင့် ကျွဲနွား အဆုတ်ရောင် တီဘီရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းပြမြေပုံရေးဆွဲဆောင်ရွက်လျှက်ရှိပါသည်။

        မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် OIE နှင့် FOUR PAWS International တို့၏ ထောက်ပံ့မှုဖြင့် ခွေးရူးရောဂါကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ်မှ စတင်ခဲ့ပြီး မှော်ဘီမြို့နယ်၊ ညောင်ဦးမြို့နယ်၊ လယ်ဝေးမြို့နယ်၊ သံတွဲမြို့နယ်များတွင် ခွေးကောင်ရေ (၅) သိန်းခန့်အား ရှေ့ပြေးစီမံချက်အနေဖြင့်ထိုးနှံခဲ့ပြီးဖြစ်ပါသည်။ ကျွဲနွားဒေါင့်သန်းရောဂါ ကာကွယ် ဆေးများကိုလည်း ဒေသလိုအပ်ချက်ပေါ်မူတည်၍ ထုတ်လုပ်ထိုးနှံပေးလျှက်ရှိပါသည်။ ဘရူဆဲ လားသားလျှောရောဂါ ကာကွယ်ဆေးနှင့် ရောဂါရှာဖွေစမ်းသပ်ဆေးများထုတ်လုပ်ပြီး ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် ကြက်ငှက်တုတ်ကွေး ရောဂါ အား နိုင်ငံတော်အဆင့် ကာကွယ်ထိန်းချုပ်ရေး အစီအစဉ် ရေးဆွဲအကောင်အထည်ဖော် ဆောင် ရွက်လျှက်ရှိပါသည်။

        သို့ဖြစ်ပါ၍ တိရစ္ဆာန်မှလူသို့ကူးစက်ရောဂါများ၏အန္တရာယ်ကို လူသားတိုင်း သိရှိနား လည်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး တိုက်တွန်းနှိုး ဆော်အပ်ပါကြောင်း တင်ပြအပ်ပါသည်။