Image: 

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ ဆိုင်ရာ OIE Focal Points များညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း

ဇူလိုင်လ 4, 2019

         ရုံးအမှတ် (၃၆) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမဆောင်၌ ဇူလိုင်လ (၂)ရက်နံနက် (၉) နာရီတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ OIE Delegate ဖြစ်သည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း ဦးဆောင်၍ OIE Focal Person များ၊ Alternative Focal Persons များ တက်ရောက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

         OIE Delegate မှ အမှာစကားပြောကြားရာတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့သည် အစိုးရ အဖွဲ့များအကြားချိတ်ဆက်ဆောင်ရွက်ပေးသည့် (Intergovernmental Organization) အဖွဲ့အစည်း တစ်ခုဖြစ်ပြီး တိရစ္ဆာန်ရောဂါဖြစ်ပွားမှုအခြေအနေများအား ပွင်းလင်းစွာထုတ်ပြန်ခြင်း၊ သိပ္ပံနှင့် နည်းပညာသတင်းအချက်အလက်များ စုဆောင်း၍ အဖွဲ့ဝင်နိုင်ငံများအား တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေး လွယ်ကူလျှင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် လမ်းညွှန်ချက်များ ထုတ်ပြန်ပေး ခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးစနစ်အား ခိုင်မာစေရေး ပံ့ပိုးပေးခြင်း၊ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ခိုင်မာအားကောင်းစေရန် မြှင့်တင်ပံ့ပိုးပေးခြင်း၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် တိရစ္ဆာန်သက်ညှာရေးတို့အား သိပ္ပံပညာ အခြေခံ၍ ကောင်းမွန်တိုးတက်စေရန် ဆောင်ရွက်ခြင်း တို့အား ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မိမိ အနေဖြင့် OIE Delegate တာဝန်ကို အပြည့်အဝဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် OIE Focal Person များ၏ ပံ့ပိုးမှုမှာ အဓိကျပါကြောင်း၊ သို့ဖြစ်ပါ၍ OIE Focal Person များ၊ Alternative Focal Persons များအား မိမိတို့တာဝန်ယူထားသည့် ကဏ္ဍများတွင် ကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

         ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့  (OIE) တွင် အဖွဲ့ဝင်ပေါင် (၁၈၂)နိုင်ငံရှိပြီး မြန်မာနိုင်ငံ အနေဖြင့် ၁၉၄၈ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် စတင် ဝင်ရောက်ခဲ့ပါသည်။ ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားလှယ် (OIE Delegate) မှာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းဖြစ်ပြီး  Aquatic animals ၊Animal Product Food Safety၊ Veterinary Products၊ Animal Welfare၊ Wildlife၊ Disease Notification (WAHIS)၊ Communicationနှင့် Veterinary Laboratory စသည့် ကဏ္ဍ (၈) ခုတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ  OIE Delegate အားပံ့ပိုးဆောင်ရွက်လျှက်ရှိပါသည်။

        ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့  (OIE)  မှ(1) The Terrestrial Animal Health Cod, (2) The Manual of Diagnostic Tests and Vaccines for Terrestrial Animals, (3) The Aquatic Animal Health Code, (4) The Manual of Diagnostic Tests for Aquatic Animals စသည်ဖြင့် တိရစ္ဆာန်ကျန်းမာရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် လိုက်နာရမည့် လမ်းညွှန်ချက်များထုတ်ပြန်ထားပြီး အဖွဲ့ဝင်နိုင်ငံများအား တိရစ္ဆာန်ကျန်းမာရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ခိုင်မာအားကောင်းလာစေရန် ကူညီပံ့ပိုးပေးလျှက်ရှိပါ သည်။  အဖွဲ့ဝင်နိုင်ငံများမှ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ (Veterinary Services) ၏ အားနည်းချက်၊ အားသာချက်များကို အထူးမစ်ရှင်အဖွဲ့များ စေလွှတ် စစ်ဆေး အကဲဖြတ်စေပြီး လိုအပ်သည့်အားနည်းချက်များအား ခိုင်မာအားကောင်းလာစေရန် ကူညီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ်တွင်  PVS  Mission စတင်စေလွှတ် ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် PVS-Follow Up နှင့်  PVS-Laboratory Mission များအားလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် PVS-Legislation နှင့် PVS-Follow Up Mission များအားလည်းကောင်း စေလွှတ်ခဲ့ပြီး တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ (Veterinary Services) ၏ အားနည်းချက်၊ အားသာချက်များကို စစ်ဆေး အကဲဖြတ်၍ အကြံဉာဏ်များ ပေးအပ်ခဲ့ပါသည်။ မွေးမြူရေးနှင့်ကုသရေးအနေဖြင့် နိုင်ငံအတွင်း မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆောင်ရွက်ရာတွင် ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့  (OIE) မှ ချမှတ်ပေးထားသော လမ်းညွှန်ချက် များနှင့်အညီ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျှက်ရှိပြီး တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း သွင်းကုန်/ ပို့ကုန်များကိုလည်း ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့  (OIE) လမ်းညွှန်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။