Image: 

ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့

စက်တင်ဘာလ 27, 2019

ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့

         ကမ္ဘာ့ခွေးရူးရောဂါနေ့ကို  နှစ်စဉ်စက်တင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ ရှိပါသည်။ ခွေးရူးရောဂါကာကွယ်ဆေးအား အောင်မြင်စွာထုတ်လုပ်ခဲ့သော ပြင်သစ်ဇီဝ ဗေဒပညာရှင်  လူးဝစ်ပါစ်ချာ (Louis Pasteur) သေဆုံးမှုအားအစွဲပြု၍ ယင်းနေ့အား “ခွေးရူးရောဂါနေ့” အဖြစ်သတ်မှတ်ခဲ့ပါသည်။ ခွေးရူးရောဂါနေ့အခမ်းအနားအား ၂၀၀၇ ခုနှစ်မှ စတင်၍ နိုင်ငံအများအပြားတွင် ခွေးရူးရောဂါမှကာကွယ်နိုင်ရန်အတွက် အသိပညာများ ဖြန့်ဝေပေးရန် ရည်ရွယ်၍ကျင်းပခဲ့ပြီး ခွေးရူးရောဂါကာကွယ်ဆေးများအား အခမဲ့ထိုးနှံပေး လျှက်ရှိပါသည်။  

         ခွေးရူးရောဂါသည် lyssavirus ဟုခေါ်သောဗိုင်းရပ်ရောဂါပိုးကြောင့်ဖြစ်ပွားစေပြီး နို့တိုက်သတ္တဝါများတွင် တွေ့ရတတ်ပါသည်။  ရောဂါလက္ခဏာများအနေဖြင့် ဖျားနာခြင်း၊ ရေကြောက်ခြင်း၊  သတိမေ့ခြင်း၊ ထိန်းချုပ်နိုင်မှုမရှိခြင်း၊ ဦးတည်ရာမဲ့ပြေးလွှာနေခြင်း၊ အလိုလိုရန်လိုပြီး ကိုက်တတ်ခြင်း၊ မည်သည့်လက္ခဏာမှမပြဘဲငြိမ်ကုတ်နေခြင်း စသည့် လက္ခဏာများဖြစ်ပါသည်။ ရောဂါကူးစက်မှုတွင် ရောဂါရှိနေသောတိရစ္ဆာန်မှ အခြား တစ်ယောက်အား ခြစ်မိခြင်း (သို့) ကိုက်မိခြင်းမှလည်းကောင်း၊   ရောဂါရှိသော တိရစ္ဆာန် ၏သွားရေမှတဆင့်လည်းကောင်း၊ လင်းနို့မှတဆင့်လည်းကောင်း ‌ရောဂါကူးစက်နိုင်ပါသည်။ ခွေးရူးရောဂါသည် နိုင်ငံပေါင်း (၁၅၀) ကျော်တွင် ဖြစ်ပွားလေ့ရှိပြီး တစ်နှစ်လျှင် လူပေါင်း (၅၉,၀၀၀)ဦး သေဆုံးလျှက်ရှိပါသည်။

         အရှေ့တောင်အာရှနိုင်ငံများတွင် ခွေးရူးရောဂါကြောင့် တစ်နှစ်လျှင်လူပေါင်း (၃၅,၁၇၂) ဦးသေဆုံးလျှက်ရှိပါသည်။ ၂၀၁၇ခုနှစ် CDC report အရ ခွေးရူးရောဂါကြောင့် အမေရိကန်ဒေါ်လာ (၈.၆) ဘီလီယံ ဆုံးရှုံးခဲ့ပါသည်။ ၎င်းရောဂါအား တိုက်ဖျက်နိုင်ရန် ကျန်းမာရေးအဖွဲ့အစည်းများဖြစ်ကြသော United States Department of Agriculture (USDA), World Health Organization (WHO), World Organization for animal Health (OIE) နှင့် Food and Agriculture of the United Nations  (FAO) တို့ပူးပေါင်း၍ နောင်လာမည့်၂၀၃၀ ခုနှစ်တွင် ခွေးရူးရောဂါမှတဆင့် လူသေဆုံးမှုပပျောက်နိုင်ရန် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

         မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် OIE နှင့် FOUR PAWS International တို့နှင့်ပူးပေါင်း၍ ထောက်ပံ့မှုဖြင့် ခွေးရူးရောဂါကာကွယ်ရေးလုပ်ငန်းစီမံချက်များကို ၂၀၁၃ ခုနှစ်မှ စတင်ခဲ့ပြီး Pilot ဧရိယာများဖြစ်သည့် မှော်ဘီမြို့နယ်၊ ညောင်ဦးမြို့နယ်၊ လယ်ဝေး မြို့နယ်နှင့် သံတွဲမြို့နယ်များအပါအဝင် risk area များရှိ ခွေးကောင်ရေ (၅) သိန်းခန့်အား ရှေ့ပြေးစီမံချက်အနေဖြင့် အခမဲ့ထိုးနှံခဲ့ပြီးဖြစ်ပါသည်။  ၂၀၃၀တွင်ခွေးရူးရောဂါပပျောက်နိုင် ရေး စီမံချက်များ ရေးဆွဲပြီးတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိပါသည်။

         ခွေးရူးရောဂါအားသံသယရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြားခြင်း၊ သံသယရှိသောခွေး၊ ကြောင်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့၏အကူအညီရယူပြီး ဖမ်းဆီးထိန်းသိမ်းခြင်း များပြုလုပ်၍ ရောဂါစစ်ဆေးမှုများလည်း ပြုလုပ်နိုင်ပါသည်၊ ဓာတ်ခွဲခန်းအဖြေအရ ခွေးရူး ရောဂါသေချာပါက အမြန်ဆုံးသုတ်သင်ရှင်းလင်း၍မြေမြှပ်ခြင်းများပြုလုပ်သင့်ပါသည်။ ခွေးရူး ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ရန် အတွက် အိမ်တွင်မွေးမြူထားသောခွေး၊ ကြောင်များအား ခွေးရူးရောဂါကာကွယ် ဆေးပုံမှန်ထိုးနှံပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးသင့်ပါသည်။

         တိရစ္ဆာန်မှလူသို့ကူးစက်ရောဂါများအနက် ခွေးရူးရောဂါသည်လည်း အရေးပါသော ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်နှစ်တိုင်း ခွေးရူးရောဂါနေ့ အခမ်းအနား များနှင့် အများပြည်သူများသိရှိနားလည်စေရန်ဟောပြောပွဲများ ပြုလုပ်လေ့ရှိပါသည်။ ယခုနှစ် ခွေးရူးရောဂါနေ့၏ ဆောင်ပုဒ်မှာ  “Vaccinate to Eliminate” ဖြစ်ပါသည်။ လူသားတိုင်း ခွေးရူးရောဂါ အကြောင်းသိရှိနားလည်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပြုလုပ်သင့်ပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။