Image: 

“မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ် ရှေ့လုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်”

နိုဝင်ဘာလ 2, 2019

 

        မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျင်းပပြုလုပ်သည့် “၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ် ရှေ့လုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၉-၁၀-၂၀၁၉)မှ (၃၀-၁၀-၂၀၁၉)ရက်၊ နံနက်(၉)နာရီတွင် နေပြည်တော်၊ ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်/တိုင်းဒေသကြီးမှ ခရိုင်မှူးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

          မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်ဦးစီးမှူးများအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စနစ်တကျလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မြိုနယ်ဦးစီးမှူးများ၏ လုပ်ငန်းများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲပြီး ဌာန၏မူဝါဒများနှင့်ကိုက်ညီအောင် ဆွဲခေါ်ရန်လိုအပ်ပါကြောင်း၊ ခရိုင်ဦးစီးမှူးများတင်ပြသည့် စီမံချက်များအား  တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ နှင့်ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် တွင် ကောက်ယူခဲ့သော တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက်များကို အခြေခံ၍ စီမံကိန်းများရေးဆွဲရမည်ဖြစ်ကြောင်း၊ ကျွဲ၊နွားကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ၊ အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်မှုလုပ်ငန်းများ၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်နိုင်ရန်လိုအပ်ကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းအင်အားလုံလောက်မှုမရှိသောကြောင့် ကျေးလက်ဒေသများတွင် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းများ စနစ်တကျပို့ချပြီး ဌာနအတွက်အင်အားတစ်ရပ်အနေဖြင့် သုံးစွဲနိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

          အစည်းအဝေးပထမနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်စားလှယ် ခရိုင် ဦးစီးမှူးတစ်ဦးချင်းစီမှ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုတန်ဖိုး (GOV) တွက်ချက်မှုများတင်ပြမှုအပေါ် ဆွေးနွေးခြင်းများ၊  ထင်မြင်ယူဆချက်များဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ဒုတိယနေ့တွင် ဌာနခွဲအသီးသီးရှိ တာဝန်ရှိသူများမှ ရှေိလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူးများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး  အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။