Image: 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှမတ်လအထိ) ပထမ (၆)လပတ် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ညှိနှိုင်းအစည်းအဝေး

မေလ 10, 2019

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှမတ်လအထိ) ပထမ (၆)လပတ် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ခုနှစ်၊ မေလ (၆) ရက်နေ့မှ (၇) ရက်နေ့ အထိ ရုံးအမှတ် (၃၆)၊ ပြည်ထောင်စုဝန်ကြီးရုံးစုဝေးခန်းမ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန်ဒေါက်တာခင်ဇော်၊ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးလှထွန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အခြားတာဝန်ရှိသူများနှင့် သတင်းမီဒီယာ (MRTV)များ စုစုပေါင်း (၁၀၅) ဦးတက်ရောက်ခဲ့ကြသည်။ ၂၀၁၉ခုနှစ်၊ မေလ(၇) ရက်နေ့ နေ့လည် (၁) နာရီတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူမှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရှိ လူငယ်ပညာရှင် များမှ ပြုစုထားသော သုတေသနစာတမ်း ပိုစတာ (၁၂) ခုအား လှည့်လည်ကြည့်ရှု့ခဲ့ပြီးနောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဖွင့်အမှာစကားပြောကြားရာတွင် မွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရာတွင် ကျွဲ၊နွားကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တိရစ္ဆာန်ကူးစက်ရောဂါ အပါအဝင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မွေးမြူကုသရေးလုပ်ငန်းများအား ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပညာရှင်များမှ သုတေသန လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း နှင့်အတူ သုတေသနရလာဒ်များအား လက်တွေ့မြေပြင်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေး စီမံဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှမတ်လအထိ) ပထမ (၆)လပတ် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စီမံခန့်ခွဲရေး၊ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ အရည်အသွေးမြင့်မားစွာထုန်လုပ်နိုင်ရေးနှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ ဦးစားပေးဆောင် ရွက်ရန်၊ ဓါတ်ခွဲခန်းသုတေသနလုပ်ဆောင်မှုအား အခြားသုတေသနဌာနများ၊ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်တွင်းရှိတိရစ္ဆာန် အရင်းအမြစ်များ ဆုံးရှုံးမှု မရှိစေရန်အတွက် ထုတ်ပြန်ထားသောတိရစ္ဆာန်ကောင်ရေနှင့်အညီ တစ်ပိုင်တစ်နိုင်မွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူ ခြင်းဖြင့် အရည်အသွေးမြင့်မားစွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊  လူငယ်ပညာ ရှင်များ၏ သုတေသနတွေ့ရှိချက်များကိုအခြေခံ၍ ဒေသနှင့် ကိုက်ညီသော မွေးမြူ ထုတ်လုပ်မှု၊ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထို့နောက်အစည်းအဝေးသို့တက်ရောက်လာသူများအားလုံးစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ပြည်ထောင်စုနယ်မြေ (နေပြည်တော်)နှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများတင်ပြကြပါသည်။ပြီးနောက်ဌာနခွဲမှူးများမှလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများတင်ပြ၍ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ သုံးသပ်ပြော ကြားပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါသည်။