“အာဆီယံနိုင်ငံများအတွင်းနယ်စပ်ဖြတ်ကျော်ရောဂါများ လျော့နည်းကင်းစင်ပပျောက်ရေးဦးစားပေးဆောင်ရွက်ပေး”

မတ်လ 3, 2020

 

   ကမ္ဘာကြီးစတင်ဖြစ်တည်လာစဉ်ကတည်းက လူသားများ၊ တိရစ္ဆာန်များ၊ ရုပ်ဝတ္တုများ စသည့် သက်ရှိ၊ သက်မဲ့များနှင့် သဘာဝပတ်ဝန်းကျင် (သစ်ပင်၊ ပန်း၊ မာန်များ) အရာများသည် ရှေးနှစ်ပေါင်းများစွာ ကတည်းကဖြစ်တည်လာတာ ယနေ့တိုင်ဖြစ်သည်။ ထို့အပြင်လူသားများ၊ တိရစ္ဆာန်များနှင့် သစ်ပင်၊ ပန်းမာန်၊ သဘာဝပတ်ဝန်းကျင်ကို ဘေးဥပါဒ်အန္တရာယ်ဖြစ်စေသော ရောဂါများသည်လည်း ရှေးနှစ်ပေါင်းများစွာ ကတည်းက ယနေ့တိုင်အထိပေါ်ထွက်လျက်ရှိပါသည်။ ဖြစ်၊ တည်၊ ပျက် သဘော တရားများအတိုင်း ရှေးနှစ်ပေါင်းများစွာက ကမ္ဘာ့မြေပေါ်ရှိ နိုင်ငံအများ အပြားတွင် ကူးစက်ပျံ့နှံ့ဖြစ်ပွားခဲ့သော (သာဓကအနေဖြင့်- ပလိပ်ရောဂါ) ရောဂါများသည် ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်ခဲ့သလို ယနေ့ခေတ်တွင် Nipah၊ West Nile fever စသည့် ရောဂါ အသစ်အဆန်းများလည်း ထွက်ပေါ်လျက်ရှိပါသည်။ ရောဂါဖြစ်ပွားပါက ရောဂါကူးစက်ပျံ့နှံ့ဖြစ်ပွားမှု၏ ပြင်းထန်မှုအနိမ့်အမြင့်လှိုင်းများအလိုက် နောက်ဆက်တွဲ ဆိုးကျိုးများကို ရောဂါဖြစ်ပွားသည့်နိုင်ငံများအနေဖြင့် ခံစားကြရပါသည်။

  ယနေ့ခေတ်တွင် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာကဲ့သို့ဖြစ်လာသောကြောင့် နိုင်ငံများအကြား ကုန်စည်စီးဆင်းမှု၊ ကူးသန်းဆက်ဆံမှု၊နည်းပညာချိတ်ဆက်ဆောင်ရွက်မှုများကြောင့်အရာရာသည် တိုးတက်ပြောင်းလဲလျက်ရှိပါသည်။ အရာရာတိုးတက်ပြောင်းလဲလာသကဲ့သို့ နိုင်ငံများအတွင်းရှိ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သောရောဂါများနှင့် တိရစ္ဆာန်မှလူသားများသို့ ကူးစက်တတ်သော ရှိရင်းစွဲရောဂါများနှင့် အသစ်အဆန်းထွက်ပေါ်လာသော ရောဂါများသည် နိုင်ငံများအကြား ကူးသန်းဖြတ်ကျော်၍ တိရစ္ဆာန်များအကြား၊ လူသားများအကြားနှင့် သဘာဝ ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့်ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိနေသည်။ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) ၏ ဖော်ပြချက်အရ ဖြစ်ပွားနေသောရောဂါများ၏ (၇၅%) သည် တိရစ္ဆာန်မှ လူသို့ ကူးစက် တတ်သော (zoonotic) ရောဂါများဖြစ်ပြီး အသစ်ထွက်ပေါ်လျက်ရှိသော ရောဂါ အားလုံးနီးပါးသည် လည်း လူသို့ကူးစက်တတ်သော ရောဂါများဖြစ်ပါသည်။ ၎င်းကူးစက်ရောဂါ များသည် လူမှု စီးပွားဘဝ၊ လူထုကျန်းမာရေးအတွက် အရေးကြီးသလို နိုင်ငံတကာကုန်သွယ်မှု အတွက်လည်း အရေးကြီလှပါသည်။ နိုင်ငံအတွင်းရှိမွေးမြူ ထားသောတိရစ္ဆာန်များ၌ ရောဂါကျရောက် ဖြစ်ပွား ပါက ရောဂါကျရောက် ဖြစ်ပွားမှု၏ ရလာဒ်များအနေဖြင့် ဆာလောင်မွတ်သိပ်ခြင်း၊ ငတ်မွတ် ခေါင်ပါးခြင်း၊ သေဆုံးခြင်း၊ ဆင်းရဲနွမ်းပါးမှုကြာရှည်ခြင်း၊ လူသားမျိုးနွယ်စုများအတွင်း ပဋိပက္ခ များဖြစ်ပေါ်ခြင်းအစရှိသည့် လူမှုစီးပွားဘဝဆုံးရှုံးထိခိုက်နစ်နာမှုများ ဖြစ်လာပါသည်။

  ရောဂါဖြစ်ပွားနိုင်ခြေများကို ကြိုတင်ခန့်မှန်းနိုင်မှုမရှိခြင်း၊ ထိရောက်သောကာကွယ်မှု မပြုနိုင်ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းများရှိတိရစ္ဆာန်များနှင့် အခြားတိရစ္ဆာန်များတွင် ရောဂါ ကျရောက်ဖြစ်ပွားမှုများ တိုးပွားလာပါသည်။ ရောဂါကျရောက်ဖြစ်ပွားပါက နာမကျန်းတိရစ္ဆာန်များ အပေါ် ရောဂါကုသမှု၊ လက်ရှိရောဂါဖြစ်ပွားမှုလျော့ကျရေး၊ တစ်ခြားသောတိရစ္ဆာန်များနှင့် တစ်ခြားသောနေရာများသို့ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အချိန်၊ လူအင်အား၊ ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းများကို ရင်းနှီးမြှပ်နှံထားရပါသည်။ အလှမွေး၊ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်း တိရစ္ဆာန်များတွင် ဖြစ်ပွားသော ရောဂါများ (ဥပမာ-ခွေးရူး၊ သားလျှော၊ တီဘီရောဂါ၊ အပြင်းစား ကြက်ငှက်တုပ်ကွေး၊ ဒေါင့်သန်း၊ salmonellosis) စသည့်ရောဂါများသည် တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများဖြစ်ပြီး ရောဂါဖြစ်ပွားမှုပြင်းထန်ပါက အသက်အန္တရာယ်ဆုံးရှုံး နိုင်သည် အထိဖြစ်ပေါ်နိုင်ပါသည်။ မွေးမြူရေးတိရစ္ဆာန်များတွင်လည်း(ဥပမာ-ခွာနာလျှာနာ၊ သားလျှော၊ တီဗီ၊ နို့အုံရောင်၊ ကြက်ငှက်တုပ်ကွေး၊ ကြက်လည်ပြွန်ရောင်၊ ကြက်လည်လိမ်၊ ကြက်ချေးဖြူ၊ အာဖရိက ဝက်အပြင်းဖျားရောဂါ၊ ဝက်ဝမ်းကျ၊ ဝက်နားရွက်ပြာ) စသည့်ရောဂါများ ကျရောက်ဖြစ်ပွားပါကလည်း နို့ထုတ်လုပ်မှုကျဆင်းမှု၊ ခန္ဓာကိုယ် အလေးချိန်ကျဆင်းမှု၊ မျိုးပွားမှု နှုန်းကျဆင်းမှု၊ ရောဂါဖြစ်ပွားမှုကြောင့် စျေးကွက်ကျဆင်းလာခြင်း၊ ရောဂါကူးစက် ပျံ့နှံ့မှုနှင့် ရောဂါ ဝင်ရောက်မှုများကြောင့် တိရစ္ဆာန်ကောင်ရေအုပ်စုများ လျော့နည်းလာ နိုင်ပါသည်။ ခွာနာလျှာနာ၊ အာဖရိကဝက်အပြင်းဖျားရောဂါ၊ ဒေါင့်သန်းရောဂါ၊ လည်ချောင်းကွဲ၊ ဆိပ်ပလိပ်ရောဂါ၊ Contigious bovine Pleuropneumonia (CBPP)၊ ကြက်ငှက်တုပ်ကွေး၊ ဝက်နားရွက်ပြာစသည့် ရောဂါများ သည် နယ်စပ်ဖြတ်ကျော် ကူးစက်မြန်ရောဂါများ စာရင်းထဲ တွင်ပါဝင်သောကြောင့် ထိုကဲ့သို့သော ရောဂါများသည် နိုင်ငံတကာကုန်သွယ်မှုအား ဆုံးရှုံးထိခိုက်နစ်နာစေပါသည်။

   နိုင်ငံတကာကုန်သွယ်မှုကိုထိခိုက်စေသော နယ်စပ်ဖြတ်ကျော်ကူးစက်မြန်ရောဂါများကို ကာကွယ်တားဆီးနိုင်ရန်အတွက် အာဆီယံနိုင်ငံများအနေဖြင့် နိုင်ငံအသီးသီးအလိုက် ရောဂါ ကာကွယ်မှု အစီအမံများချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိနေပါသည်။ ယင်းသို့ နိုင်ငံအသီးသီးအလိုက် ရောဂါကာကွယ်ထိန်းချုပ်မှုများ လုပ်ဆောင်လျက်ရှိနေသော်လည်း ကူးစက် ရောဂါအမျိုးအစားပေါင်းများစွာရှိနေခြင်းနှင့် နိုင်ငံအလိုက်ဦးစားပေးရောဂါထိန်းချုပ်မှုစနစ် မတူညီ သောကြောင့် ရောဂါများသည်အ မြစ်ပြတ်လျော့နည်းခြင်းမရှိဘဲ တစ်နိုင်ငံမှတစ်နိုင်ငံသို့ ကူးစက် ပျံ့နှံ့လျက်ရှိနေပါသည်။

   ထို့ကြောင့့််နယ်စပ်ဖြတ်ကျော် ကူးစက်မြန်တိရစ္ဆာန်ရောဂါအမျိုးအစားပေါင်းများစွာထဲမှ စနစ်တကျနှင့် ဦးစားပေးကာကွယ်ထိန်းချုပ်ရမည့် ရောဂါများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး စနစ်တကျရွေးချယ်ခဲ့ကြပါသည်။ နယ်စပ်ဖြတ်ကျော် ကူးစက်မြန် ရောဂါများထဲမှ ဦးစားပေး အဆင့်အတန်းနှင့် တစ်ပြေးညီရောဂါကာကွယ်ထိန်းချုပ်ရန် သဘောတူ ခဲ့သောရောဂါများသည် တိရစ္ဆာန်မှလူသို့ ကူးစက်တတ်ပြီး လူထုကျန်းမာရေးကိုထိခိုက်မှုရှိခြင်း၊ ရောဂါကူးစက်ပျံ့နှံ့မှုများပြီး နေရာအနှံ့အပြားဖြစ်ပွားခြင်းနှင့် တိရစ္ဆာန်ကောင်ရေအုပ်စုအား ကူးစက်မှုများခြင်း၊ လူမှုစီးပွားဘဝနှင့် သဘာဝပတ်ဝန်းကျင် အားထိခိုက်မှုများခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်မှုကိုထိခိုက်စေခြင်း၊  ကြိုတင်ကာကွယ်ထိန်းချုပ်မှုများ လုပ်ဆောင်နေခြင်းတို့ပေါ် မူတည်ကာ မေးခွန်းများ တည်ဆောက်၍ အဆင့်အတန်းများခွဲကာ ဦးစားပေးအဆင့် အတန်း အနေဖြင့် ကာကွယ်ထိန်းချုပ်ရမည့် ရောဂါများကို သတ်မှတ်ခဲ့ရာတွင် ဒေါင့်သန်းရောဂါ၊ ကြက်ငှက် တုပ်ကွေးရောဂါ၊ဆဲလ်မိုနလိုးစစ်(Salmonellosis)၊ လည်ချောင်း ကွဲရောဂါ၊ ခွေးရူး၊ ကြက်လည်လိမ် Newcastle disease၊ သားလျှောရောဂါ၊ ဝက်ရောဂါများဖြစ်သည့် (အာဖရိကဝက်အပြင်းဖျား၊ ဝက်ဝမ်းကျ၊ ဝက်နားရွက်ပြာ)၊ ခွာနာလျှာနာရောဂါများကို ဦးစားပေး ကာကွယ်ထိန်းချုပ်ရန် သဘောတူညီခဲ့ကြသည်။

   ရောဂါကာကွယ်ထိန်းချုပ်ရာတွင် နိုင်ငံအတွင်းရှိ တိရစ္ဆာန်အုပ်စုများထဲတွင် ရောဂါဖြစ်ပွားမှု ကိုဆောလျင်စွာ စူးစမ်းရှာဖွေစမ်းသပ်ဖော်ထုတ်ခြင်းနှင့် ဆောလျင်စွာရောဂါ ကာကွယ်ကုသမှု ပြုလုပ်ခြင်းသည် ရောဂါကျရောက်ဖြစ်ပွားမှုကပ်ဆိုးကို လွတ်မြောက်နိုင်ပြီး တိရစ္ဆာန်များနှင့် လူသားများ၏ အသက်အန္တရယ်ခြိမ်းခြောက်မှု၊ အစာအစာဘေးကင်းလုံခြုံမှုနှင့် တိရစ္ဆာန်ကောင်ရေ အုပ်စုလျော့နည်းနေမှုကို ကာကွယ်ပေးနိုင်ပါသည်။ တိရစ္ဆာန်ကောင်ရေအုပ်စုများထဲတွင် ရောဂါ ဖြစ်ပွားမှုကို မွေးမြူသူများအားဆောလျင်စွာအသိပေးမှုများ၊ ရောဂါကာကွယ်ထိန်းချုပ်မှု အစီ အစဉ်များ၊ ရောဂါဖြစ်ပွားနေသော နိုင်ငံများကို ဆောလျင်စွာအသိပေးလုပ်ဆောင်မှုများ၊ လူထု အသိပညာပေးမှုများ၊ မွေးမြူရေးခြံအတွင်းနှင့် မွေးမြူသူများလုပ်ဆောင်ရန်ညွှန်ကြားချက်များ၊ နိုင်ငံတကာနှင့် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်မှုများဆောင်ရွက် ခြင်းဖြင့် ရောဂါဝင်ရောက်လာသည့် အခါ ကောင်းမွန်စွာထိန်းချုပ်နိုင်ပါသည်။

   နယ်စပ်ဖြတ်ကျော်ကူးစက်မြန်ရောဂါများထဲမှ တိရစ္ဆာန်များ၊ လူသားများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဘေးအန္တာရယ်ဖြစ်စေပြီး ဆုံးရှုံးမှုများသလို နိုင်ငံတကာကုန်သွယ်မှု ကိုလည်း ထိခိုက်နစ်နာမှု များရှိသောကြောင့် ကာကွယ်ဆေးရှိပြီးသားရောဂါများအား စနစ်တကျ ကာကွယ် ဆေးထိုးနှံခြင်း၊ ကာကွယ်ဆေးမရှိသေးသော ရောဂါများအနေဖြင့်လည်း ဒေသအတွင်း နှင့် နိုင်ငံများအကြား တရားမဝင်တိရစ္ဆာန် ရွေ့လျားမှုကိုထိန်းချုပ်ခြင်း၊ မွေးမြူရေးခြံများ၊ နယ်စပ် ဝင်ပေါက်များတွင် ဇီဝလုံခြုံမှုကို တိုးမြှင့်ခြင်း၊ စနစ်တကျရောဂါကုသများ၊ နာမကျန်းတိရစ္ဆာန် များကိုခွဲခြားထားခြင်း၊ လူထုအသိပညာ ပေးမှုများ၊ ရောဂါစူးစမ်းရှာဖွေဖော်ထုတ်မှုများ၊ အရေးပေါ် ရောဂါထိန်းချုပ်ရေးစီမံချက် (Contingency plan )များ ရေးဆွဲကာ ကြိုတင်ကာကွယ်ထိန်းချုပ်မှု များကို တိုးမြှင့်လုပ်ဆောင်စေခြင်းဖြင့် မွေးမြူသူများ၏လူမှုစီးပွားကို ထိခိုက်နစ်နာမှုများစေသော နယ်စပ်ဖြတ်ကျော်ကူးစက်မြန်ရောဂါများ ဖြစ်ပွားမှုကို လျော့ချကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

ဒေါက်တာနှင်းစက်ပွင့်အောင်

သုတေသနလက်ထောက်(၂)