ရေရှည်တည်တံ့၍ အောင်မြင်ဖြစ်ထွန်းသော အသုံးချ ကြက်မွေးမြူရေးစီမံခန့်ခွဲမှုဆီသို့

မတ်လ 23, 2020

မွေးမြူရေးကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု

တိရစ္ဆာန် မွေးမြူရေးထုတ်လုပ်မှုလုပ်ငန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကျေးလက်နေ ပြည်သူ များ၏ တစ်နိုင်တစ်ပိုင် ဝင်ငွေတိုးတက်ရေးအတွက် အရေးပါလျက်ရှိပြီး လူနေမှုဘဝ တိုးတက် မြင့်မားရေးအတွက် အထောက်အကူပြုလျက် ရှိပါသည်။ စီးပွားဖြစ် ကြက်မွေးမြူထုတ်လုပ်ခြင်း သည် အခြားမွေးမြူရေး ကဏ္ဍများထက် ကမ္ဘာနှင့်အဝန်း အရှိန်အဟုန်မြင့် ကျယ်ပြန့်လာသည့် မွေးမြူရေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ဆယ်စုနှစ်များမှစတင်၍ သိသိသာသာ တိုးတက်လာသည့် မွေးမြူရေးလုပ်ငန်းဖြစ်ပါသည်။ ကမ္ဘာ့ကုလသမ္မဂ္ဂ UN ၏ ဦးဆောင်မှုဖြင့် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံ ပူးပေါင်းသဘောတူ ဆောင်ရွက်မည့်  ၂၀၃၀ ခုနှစ်တွင် ဦးတည်ဆောင်ရွက်လျက်ရှိသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals -SDGs) ဦးစားပေး ၁၇ ချက် တွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး (No Poverty) နှင့် ငတ်မွတ်ခေါင်းပါးမှုမရှိရေး (Zero Hunger) သည် အဓိကဦးစားပေးပန်းတိုင်များ ဖြစ်ပါသည်။ စီးပွားဖြစ်ကြက်မွေးမြူရေးနှင့် အခြားတိရစ္ဆာန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများကို ရေရှည်တည်တံ့၍ တိုးတက်ဖွံ့ဖြိုးစေခြင်းဖြင့် SDGs များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။

ရည်ရွယ်ချက်

မြန်မာနိုင်ငံတွင် ကြက်မွေးမြူရေးလုပ်ကိုင်သည့် မွေးမြူသူ အများစုသည် အတွေ့အကြုံ ကို အခြေခံခြင်းနှင့် အခြားအတွေ့အကြုံရှိသူများထံမှ နည်းနာများ လက်ဆင့်ကမ်း၍ ဆောင် ရွက်လျက်ရှိသည်။ လုပ်ငန်းမစတင်မီ ထည့်သွင်းစဉ်းရန်လိုအပ်သည့် ရေရှည်တည်တံ့သော  ကြက်မွေးမြူထုတ်လုပ်မှုဆိုင်ရာအချက်များကို လျစ်လျူရှုမိတတ်ကြပါသည်။ “ရေရှည် တည်တံ့၍ အောင်မြင်ဖြစ်ထွန်းသော အသုံးချကြက်မွေးမြူစီမံခန့်ခွဲမှုဆီသို့” ပါအချက်များကို မျှဝေခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ကြက်မွေးမြူရေးလုပ်ငန်းများဖြစ်ပေါ်စေရန် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။

ထည့်သွင်းမွေးမြူမည့် ကြက်ကောင်ရေနှင့် ခြံအဆောက်အဦ အကျယ်အဝန်း တွက်ချက်ခြင်း (Stocking Density Calculation)

          ကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခြံခတ်၍ စီးပွားဖြစ် မွေးမြူလာသည့် အတွက် ခြံအဆောက်အဦနှင့် မွေးမြူသည့် အမျိုးအစားနှင့် ကောင်ရေ ကိုက်ညီမှုရှိရန် လိုအပ် ပါသည်။ အထူးသဖြင့် အသားစားကြက်မွေးမြူရေးတွင် ထည့်သွင်းမွေးမြူသည့် ကြက်ကောင် ရေ (stocking density) ကို အရေးကြီး ထည့်သွင်းစဉ်းစားရန် အချက်ဖြစ်ပါသည်။ ကြက်သား ၏ အရည်အသွေး၊ အစာစားနှုန်း(Feed consumption)၊ အစာမှ အသားသို့ ပြောင်းလဲမှု (feed conversion efficiency)၊ ကြက်များ၏ ရှင်သန်နိုင်မှု (liability) နှင့် သေနှုန်းများ (mortality) နှင့် တိရစ္ဆာန်ဘဝသာယာဝပြောမှု (animal welfare) များသည် ထည့်သွင်းမွေးမြူသည့် ကြက် ကောင်ရေ (stocking density) နှင့် တိုက်ရိုက်ပတ်သက်လျက်ရှိပြီး ခြံအဆောက်အဦတစ်ခုချင်း အတွက် ထည့်သွင်းမွေးမြူသည့် ကြက်ကောင်ရေ (stocking density) နှုန်းဖြင့် မွေးမြူထားရှိ ခြင်းမပြုပါက စီးပွားရေး ထိခိုက်စေနိုင်သည့် ဆိုးကျိုးများကို အတိုင်းအတာတစ်ခုအထိ ပေး နိုင်ပါသည်။ ယင်းသို့ ကိုက်ညီမှုကို (၁) စတုရန်းမီတာတွင် ထည့်သွင်းမွေးမြူသည့် ကြက် ကောင်ရေ သို့မဟုတ် အလေးချိန်နှင့် တိုင်းတာလေ့ရှိကြသည်။ အသားစား ကြက်များသည် ရက်သတ္တပတ် ၆ ပတ်ကဲ့သို့ တိုတောင်းသည့် အချိန်ကာလအတွင်း ၂.၅ - ၃.၀ ကီလိုဂရမ်အထိ ကိုယ်အလေးချိန် လျင်မြန်စွာ ဖွံ့ဖြိုးကြပြီး ခန္ဓာကိုယ်မှ အပူထုတ်လွှတ်မှုများသည့်အတွက် ၁ စတုရန်းမီတာတွင် ထည့်သွင်းမွေးမြူနိုင်သည့် ကြက်ကောင်ရေသည် ဥစားကြက်များနှင့် နှိုင်းယှဉ်ပါက ပိုမိုလိုအပ်ပါသည်။ အကျယ်အဝန်း လိုအပ်ချက်သည်  နိုင်ငံ၊ဒေသတစ်ခု၏ အပူချိန် ရာသီဥတုနှင့် မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား၊ ခြံပုံစံအပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။ တိရစ္ဆာန်သာယာဝပြောမှု (Animal Welfare) ကို အလေးထားသည့် EU နိုင်ငံများ၌ ၁ စတုရန်း မီတာမှာ ထည့်သွင်းသည့် ကြက်အလေးချိန်ကိုသာ “စံ”အဖြစ် ရွေးချယ်သတ်မှတ်ပြီး ၁ စတုရန်း မီတာတွင် ကြက်အလေးချိန် ၂၅-၄၂ ကီလိုဂရမ်သာ မွေးမြူခွင့်ပြုထားပါသည်။ မြန်မာနိုင်ငံ ကဲ့သို့သော အပူပိုင်းနိုင်ငံများတွင် ၁စတုရန်းမီတာတွင် ကြက်ကောင်ရေ လျော့နည်းစွာ မွေးမြူရ မည်ဖြစ်ပြီး အအေးပိုင်းနိုင်ငံများတွင်မူ ကောင်ရေ တိုးမွေးနိုင်ပါသည်။ ဝါးကြမ်းခင်းဖြင့် မွေးမြူ ခြင်းသည် အခင်းဖြင့် မွေးမြူသည့် နည်းစနစ်ထက် ကောင်ရေ ပိုမွေးနိုင်ပါသည်။ မြန်မာနိုင်ငံ တွင် မွေးမြူလျက်ရှိသည့် အသားစားကြက်များသည် ၄၂ ရက်ကာလတိုအတွင်း ပျမ်းမျှ  အလေးချိန် ၂.၈ ကီလို ဂရမ်ခန့်အထိ အလေးချိန် ရှိသောကြောင့် “စံ”အနေဖြင့် ၁ စတုရန်းမီတာ တွင် ကြက်အလေး ချိန် ၂၅-၃၀ ကီလိုဂရမ်ခန့်သာ မွေးမြူသင့်ပါသည်။ အသားစားကြက်များ သည် မွေးမြူသည့် ကြက်အမျိုးအစားအပေါ် မူတည်၍ ကိုယ်အလေးချိန် ကွာခြားမှုရှိသည့် အတွက် အပူပိုင်းဒေသ များအတွက် ၁ စတုရန်းမီတာတွင် ၂၀-၂၅ ကီလိုဂရမ်နှုန်းဖြင့် မွေးမြူ သင့်ပေသည်။  မြန်မာနိုင်ငံအတွက် ကြမ်းခင်းခြံအမျိုးအစားနှင့် မွေးမြူသည့်စနစ်များအရ ထည့်သွင်းမွေးမြူမည့် ကြက်ကောင်ရေ (Stocking density) စံသတ်မှတ်ချက်ကို အောက်တွင် ဖော်ပြချက်များကို ကိုးကား၍ ကြက်များ၏ အပြုအမူ၊ ရာသီဥတုပေါ်မူတည်၍ အတိုးအလျှော့ ပြုလုပ်၍ မွေးမြူနိုင်ပါသည်-

ကြမ်းခင်းအမျိုးအစား ၁-စတုရန်းမီတာအတွက် မွေးမြူနိုင်သည့် ကြက်ကောင်ရေ
အသားစားကြက် ဥစားကြက်
ဝါးကြမ်းခင်း ၁၅
ဝါးကြမ်းခင်း + မြေစိုက် စပါးခွံ့ခင်း ကြမ်းခင်း  
မြေစိုက် စပါးခွံ့ခင်း ကြမ်းခင်း ၁၀ ၄-၅

 

ဇယား (၁) အပူပိုင်း​ဒေသများအတွက် ၁ စတုရန်းမီတာတွင် မွေးမြူနိုင်သည့် ကြက်ကောင်ရေ

ကြမ်းခင်းအမျိုးအစား ၁-စတုရန်းမီတာအတွက် မွေးမြူနိုင်သည့် ကြက်ကောင်ရေ
အသားစားကြက် ဥစားကြက်
Litter slats - ၇-၉
မြေစိုက် စပါးခွံ့ခင်း ကြမ်းခင်း ၁၂-၂၀

                                                                                                             

ဇယား (၂) အအေးပိုင်း​ဒေသများအတွက် ၁ စတုရန်းမီတာတွင် မွေးမြူနိုင်သည့် ကြက်ကောင်ရေ

အစာစားခြင်းအတွက် အကျယ်အဝန်းနှင့် အစာခွက်လိုအပ်ချက် တွက်ချက်ခြင်း (Eating Space and Feeder Requirement calculation)

          ကြက်မွေးမြူရေးတွင် ကြက်တစ်ကောင်စီအတွက် လုံလောက်သည့် အစာစားသည့် အကျယ်အဝန်း (eating space) နှင့် လုံလောက်သည့် အစာခွက် (feeder) ထားရှိရန် လိုအပ် ပါသည်။ ရာသီဥတုပေါ် မူတည်၍ အစာစားသည့် အကျယ်အဝန်း (eating space) သည် ကွဲပြား နိုင်ပါသည်။ အပူပိုင်းဒေသများတွင် အစာစားသည့် အကျယ်အဝန်း (eating space) လိုအပ် ချက်သည် အအေးပိုင်းဒေသများထက် ပိုလိုအပ်ပါသည်။ အောက်ဖော်ပြပါ ကြက်တစ်ကောင် အတွက် အစာစားသည့် အကျယ်အဝန်း စံနှုန်းများကို ကိုးကားနိုင်ကြောင်းနှင့် လိုအပ်ပါက အနည်းနဲ့အများ အတိုးအလျှော့ ပြုလုပ်နိုင်ပါသည်-

 

                    အစာခွက်အမျိုးအစား အသားစားကြက် ဥစားကြက်
long feeder   ၅ စင်တီမီတာ ၁၂ စင်တီမီတာ
round feeder   ၂ စင်တီမီတာ ၅ စင်တီမီတာ

ဇယား (၃) အစာစားသည့် အကျယ်အဝန်း (eating space) စံသတ်မှတ်ချက်

ကြက်ပေါက်အရည်အသွေး

ကြက်မွေးမြူထုတ်လုပ်ရေးအတွက် အဓိကအရေးကြီးသည့် သွင်းအားစုတစ်ခုသည် စတင်ဝယ်ယူမည့် ကြက်ပေါက်များ၏ အရည်အသွေး ကောင်းမွန်မှုဖြစ်ပါသည်။ ကြက်ပေါက် အရည်အသွေးသည် မွေးမြူမည့် ကြက်မျိုးအလိုက် သတ်မှတ်ထားသည့် “စံ”သတ်မှတ်ချက် များနှင့် ကိုက်ညီမှုမရှိပါက ကြက်များပြုစုစောင့်ရှောက်ချိန်နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အခက်အခဲများ ကြုံလာနိုင်သကဲ့သို့ စံသတ်မှတ်ထားသည့် အစာစားနှုန်းနှင့် အသားတိုးနှုန်း များကို မရရှိဘဲ အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများကြောင့် အကျိုးအမြတ်ဖြစ်ထွန်းမှုကို သက်ရောက်မှုရှိလာမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အများဆုံး မွေးမြူ လျက်ရှိသည့် အသားစား ကြက်ပေါက်အမျိုးအစားဖြစ်သည့် Cobb 500 အတွက် ဖော်ပြပါအချက်အလက်များနှင့် ကိုက်ညီ မှုရှိရန် လိုအပ်ပါသည်-

စဉ် အကဲဖြတ်ရမည့် အချက် စံသတ်မှတ်ချက်များ
ကိုယ်အလေးချိန်

(Body Weight)

26-46 ဂရမ်
ကိုယ်အလျား နှုတ်သီးမှ အလယ်ခြေချောင်းထိပ်အထိ)

(Body Length)

19-21 စင်တီမီတာ
ပက်လက်လန်ထားရှိပါက ပုံမှန်မတ်တပ်ရပ်အနေအထားသို့ ပြန်ရောက်မှု (Reflex) 3 စက္ကန့်အတွင်း
သွက်လက်ဖျတ်လတ်မှု

(Activity)

သွက်လက်ဖြတ်လတ်၍ နိုးကြွားခြင်း

(Alert and active)

အမွေး

(Down/Feather)

ကောင်းမွန်စွာ ခြောက်သွေ့၍ ခပ်ဖွဖွ ဖြစ်ခြင်း

(Well-dried and long fluffed)

မျက်လုံး

(Eye)

တောက်ပခြင်း၊ လုံးဝန်းခြင်းနှင့် ဖြတ် လတ်ခြင်း

(Bright, round and active)

နှုတ်သီး

(Beak)

အချိုးမကျခြင်း၊ ပုံပန်းမကျခြင်းနှင့် ထိခိုက်ဒဏ်ရာရှိခြင်းမှ ကင်းဝေးခြင်း

(No deformity and damage)

ချက်တိုင်

(Naval)

ပြားချပ်ခြင်း၊ သန့်ရှင်းခြင်း၊ ချက်တိုင် ပိတ်ခြင်းနှင့် ကောင်းစွာ ကျက်ခြင်း

(Flat, cleaned and closed and healed)

ခြေထောက်

(Feet)

ထိခိုက်ဒဏ်ရာ၊ တကောက်ကြော တွင် နီမြန်ခြင်းနှင့် ပုံပန်းမကျခြင်းမှ ကင်းဝေးခြင်း

(No damage, no red hock and deformity)

၁၀ ဥအနှစ်

(Yolk)

ကြက်ပေါက်ဝမ်းတွင် ဥအနှစ် အနည်းငယ် ကျန်ရှိ ခြင်း

(Present)

၁၁ စအို

(Vent)

သန့်ရှင်း၍ စိုစွတ်မှုရှိခြင်း

(Clean and moist)

၁၂ ± ၁၀ %ကို အခြေခံတွက်ချက်မှု အရ ကြက်အုပ်အတွင်းရှိ ကြက် များ ကိုယ်အလေးချိန် တူညီမှု

(Flock Uniformity ±10%)

အသားစုကြက်များတွင် ကြက်ပေါက် ၆၀% နှင့် ဥစားကြက်များအတွက် ၈၀ % ကိုယ်အလေးချိန် တူညီမှုရှိ ခြင်း

(>60% for broiler and > 80% for layer)

 

မီးကိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း

ကြက်ပေါက်များသည် ဖောက်စက်မှ သယ်ယူပို့ဆောင်မှုအပါအဝင် မွေးမြူမည့်ခြံသို့ ကြားကာလ တစ်လျှောက်လုံးတွင် စိတ်ဖိစီးမှု (stress)  မျိုးစုံကို ကြုံတွေ့ရသည်။ ထို့ကြောင့် မွေးမြူသူများသည် မိမိခြံသို့ ရောက်ရှိလာမည့် ကြက်ပေါက်များအတွက် အတွေ့အကြုံနှင့် ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲထားနိုင်ရန်လိုအပ်ပါသည်။ ကြက်များမရောက်မီ ရက်အနည်းငယ် အလိုကပင် ကြိုတင်စီမံဆောင်ရွက်ထားရမည်ဖြစ်ပါသည်။ ပိုးသတ်သန့်စင်ခြင်းအပါအဝင် အစာခွက်၊ ရေခွက်နှင့် လျှပ်စစ်မီးများ စီမံထားရှိရမည်ဖြစ်ပါသည်။  ကြက်မွေးမြူသူများအနေ ဖြင့် ဖော်ပြပါအချက်များကို ပြင်ဆင်လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်-

  • ကြက်ပေါက်ရရှိမည့် နေ့ရက် အတိအကျ သိရှိရန် လိုပါမည်။
  • အဝိုင်းပုံစံ မီးကိုင် အခန်းငယ်များကိုသာ အသုံးပြုရန် လိုပါမည်။
  • မီးကိုင်ခန်း တစ်ခုတွင် အကောင်ရေ ၅၀၀ သာ ထားရှိရန် လိုပါမည်။
  • မီးကိုင်ခန်း၏ ကြမ်းခင်း၏ အပူချိန်ကို တစ်ရက်ကြိုတင်၍ ၂၈ ဒီဂရီစင်တီဂရိတ် ဖြစ်ရန် ပြင်ဆင် ထားရှိရန် လိုပါမည်။
  • အစာခွက်၊ ရေခွက် အလုံအလောက်နှင့် မီးရရှိရန် ပြင်ဆင်ထားရှိရန် လိုပါမည်။
  • Nipple drinkers များ အသုံးပြုပါက  drinking line ကို ကြက်ပေါက်နှင့် ၄၅ ဒီဂရီခန့် နှိမ့်ထားပေးရန် လိုပါမည်။

ကြက်ပေါက် အကောင် (၅၀၀)အတွက် မီးကိုင်ခန်းတည်ဆောက်ရာတွင် ထားရှိသည့် “စံ” သတ်မှတ်ချက်သည် မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းနိုင်ငံနှင့် open type ဖြင့် မွေးမြူသည့် ခြံများ အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်-

အကြောင်းအရာ လိုအပ်ချက်
၁ စတုရန်းမီတာ ကြက်ပေါက် အကောင် ၅၀၀
ကြက်ကောင်ရေ ၄၀ ၁၂.၅ စတုရန်းမီတာ

(အချင်း ၄ မီတာ)

round drinker အတွက် ကြက်ကောင်ရေ ၇၀-၁၀၀ ၅-၇
feed plate အတွက် ကြက်ကောင်ရေ ၇၅
Long feeders အတွက် ကြက်ကောင်ရေ >25 mm/bird စတုရန်းမီတာတွင် ၈၀- ကောင်ရေ
Height of the guard အမြင့် ၀.၆ မီတာ

ဇယား (၄) ကြက်ပထမ (၁)ပတ်သားအတွက် စီမံဆောင်ရွက်ရမည့် “စံ” သတ်မှတ်ချက်

ကြက်အသက် ဒုတိယအပတ်တွင် မီးကိုင်ခန်းအဝိုင်းအကျယ်ကို ပြောင်းလဲပေးရန် လိုအပ်ပြီး ၁ စတုရန်းမီတာပတ်လည်တွင် ၂၀ ကောင်နှုန်းဖြင့်သာ စီမံထားရှိပေးရ မည်ဖြစ်သည်။

ကြက်မီးကိုင်ခြင်း (သို့မဟုတ်) ကြက်အနွေးပေးခြင်း

ကောင်းမွန်၍ စနစ်ကျသော ကြက်မီးကိုင်ခြင်းသည် အကျိုးအမြတ်ဖြစ်ထွန်းသော ကြက် မွေးမြူထုတ်လုပ်ရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့်အတွက် အနွေးပေးခြင်းလုပ်ငန်းစဉ်ကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ရက်သားကြက်ပေါက်သည် ၁၀ ရက်သားအထိ အခြား သွေးနွေးသတ္တဝါများကဲ့သို့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်စွမ်းမရှိသည့်အတွက် အနွေးပေး၍ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးရန် လိုအပ်သည်။ ကြက်အနွေးပေးစဉ် အပူချိန် တစ်ခုတည်းကိုသာ အလေးထားအာရုံမစိုက်စေဘဲ အခြားသော လေးထုအရည်အသွေး (air quality), ကြက်သောက်ရေ အရည်အသွေး (water quality) နှင့် ကြက်များ အရွယ်တူညီမှု (flock uniformity) တို့ကို အကဲဖြတ် အာရုံစိုက်ရန်လည်း လိုအပ်သည်။  ၎င်းအပြင် ကြက် များ၏ ခန္ဓာကိုယ် ၄၀.၅ ဒီဂရီ စင်တီဂရိတ် အပူချိန်ကို ကြက်၏ စအိုမှ အပူချိန်တိုင်းတာ၍ စောင့်ကြည့်ရန် လိုအပ်ပါသည်။ ကြက်မီးကိုင်သည့်အခါ ကြက်ပေါက်၏ အသက်အလိုက် အလင်းနှင့် အမှောင်ထားရှိပေးရမည့် ကြာချိန်နှင့် ရှိရမည့် အပူမမာဏကို ဖော်ပြပါအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်-

ကြက်အသက် အပူချိန် ဒီဂရီစင်တီဂရိတ် (°C) အလင်းပေးချိန်

(နာရီ)

အမှောင်ပေးချိန်

(နာရီ)

Day 1 35°C 23 1
Day 2 35°C 23 1
Day 3 35°C 22 2
Day 4 35°C 22 2
Day 5 33°C 20 4
Day 6 33°C 20 4
Day 7 33°C 20 4
Week 2 31°C 18 6
Week 3 29°C 18 6
Week 4 26°C 18 6
Week 5 25°C 18 6
Week 6 25°C 18 6

ရေ

ရေသည် အရေးကြီးဆုံး အာဟာရဖြစ်သော်လည်း မွေးမြူသူများအနေဖြင့် လျစ်လျူရှု လျက်ရှိပါသည်။ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်အတွက် အရေးကြီးသည့် အချက်ဖြစ်ပြီး ရေပုံမှန် တိုက်ပေးထားခြင်းသည် အစာချက်ခြင်း၊ အစာအာဟာရများ စုပ်ယူခြင်း၊ အညစ်အကြေးများ စွန့်ထုတ်ခြင်းနှင့် ခန္ဓာကိုယ် အပူချိန် ထိန်းညှိခြင်းလုပ်ငန်းများအတွက် လိုအပ်ပါသည်။ အခြား တိရစ္ဆာန်များနှင့် မတူသည့်အချက်မှာ ကြက်များသည် အစာစားခြင်းနှင့် ရေသောက်ခြင်းကို အချိန်တိုင်း ပြုလုပ်သည့်အတွက် အစာနှင့် သောက်ရေမပြတ်ရရှိရေး စီမံဆောင်ရွက်ထားရှိရ မည်။ ပုံမှန်အားဖြင့် ကြက်တစ်ကောင်၏ ရေသောက်နှုန်းသည် အစာစားနှုန်းပမာဏထက် ၂ ဆ ခန့် ရှိတတ်ပါသည်။ ဥပမာအားဖြင့် ကြက်တစ်ကောင်သည် အစာ ၁၀၀ ဂရမ်စားပါက ရေ ၂၀၀ မီလီမီတာခန့် သောက်ရန် လိုအပ်ပါသည်။ သို့သော်လည်း ရေသောက်သည့်ပမာဏသည့် ပတ်ဝန်းကျင်အပူချိန်၊ ဇီဝကမ္မဖြစ်စဉ်နှင့် အခြားသော အချက်များပေါ်တွင်လည်း မူတည်၍ ပြောင်းလဲနိုင်ပါသည်။ အပူချိန်မြင့်မားခြင်း၊ ရောဂါကျရောက်ဖြစ်ပွားခြင်းနှင့်  အစာတွင် အငန် ဓာတ်များပါက ရေသောက်နှုန်း ပိုများတတ်ပြီး သောက်ရေ၏ အပူချိန် မြင့်နေပါက ကြက်များ ၏ ရေသောက်နှုန်း ကျဆင်းတတ်ပါသည်။ ထို့ကြောင့် မွေးမြူသူများအနေဖြင့် မိမိကြက်များ၏ ရေ သောက်နှုန်းအနေအထားကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲဖြတ်ရန် လိုအပ်မည်ဖြစ်ပါ သည်။ အကယ်၍ ကြက်များ၏ ရေသောက်နှုန်းကို သိရှိရန် ခက်ခဲပါက ကြက်များ၏ ဇလုပ်၏ မာမှု ပျော့မှုကို လက်ဖြင့် စမ်းခြင်းဖြင့် သိရှိနိုင်ပါသည်။ ရေသောက်နှုန်း ပုံမှန်ပါက ဇလုပ်သည် မမာလွန်း မပျော့လွန်း အနေအထားကို လက်ဖြင့် စမ်းသပ်သိရှိနိုင်ပါသည်။ ပုံမှန်အားဖြင့် သောက်ရေ၏ အပူချိန်သည်  ၁၀-၂၅ ဒီဂရီစင်တီဂရိတ် ရှိရန်လိုအပ်ပါသည်။ အကယ်၍ ၃၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် ကျော်ပါက ဘက်တီးရီးယားပိုးများ ပေါက်ပွားနိုင်လာသကဲ့သို့ ရေသောက်နှုန်းကိုပါ ထိခိုက်စေသည့်အတွက် အစားချေခြင်း၊ အစာစုပ်ယူခြင်းနှင့် ဇီဝဖြစ်စဉ်များ ကို ပုံမှန်လည်ပတ်မှုကို ပျက်ယွင်းစေနိုင်သည့်အတွက် ကြက်မွေးမြူဖြစ်ထွန်းမှုကို ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်။

ကြက်များအတွက် အသုံးပြုမည့် ရေသည် အရည်အသွေးပို်ငးဆိုင်ရာ ကောင်းမွန်ရန်မှာ လည်း အရေးကြီးသည်။ သောက်ရေ၏ ချဉ်ဖန်ဓာတ် pH ၊ ဓာတ်သတ္တုများ ပါဝင်မှုနှင့် ရောဂါပိုး ပါဝင်မှုကို စစ်ဆေးရန် လိုအပ်ပါသည်။ သောက်ရေသည်  pH 7 ဖြစ်နေရန်လိုအပ်ပြီး ခဲနှင့် သံဓာတ်ကဲ့သို့သော ဓာတ်သတ္တုများ (heavy mineral) များ ကင်းစင်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ကာကွယ်ဆေးမအောင်ခြင်း၊ အစားစားနှုန်းနှင့် ရေသောက်နှုန်းများကို ထိခိုက် စေနိုင်ပါသည်။ ရေသိုလှောင်သည့် tank များသည်လည်း နေရောင်နှင့် တိုက်ရိုက် ထိတွေ့မှု မရှိ စေရန် ကာကွယ်ထားရန် လိုအပ်ပါသည်။

ကြက်များ၏ အချက်ပြ လက္ခာများ (Poultry Signals) စောင့်ကြည့်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက် ခြင်း

Poultry Signals ဆိုသည်မှာ ကြက်များ၏ ပုံမှန်ပြသသည့် အချက်ပြ အချက်များကို ကြည့်ခြင်းဖြစ်ပြီး မွေးမြူထားသည့် ကြက်များ၏ ပုံမှန်အခြေအနေများနှင့် ထူးခြားသည့် အခြေ အနေများကို တွေ့ရှိနိုင်ပြီး တုံ့ပြန်စီမံဆောင်ရွက်ချက်များကို အချိန်မီ ဆောင်ရွက် နိုင်မည်ဖြစ်ပါ သည်။ ကြက်များ၏ အချက်ပြ လက္ခာများ (Poultry Signals) များဖြစ်သည့် အသက်ရှုမှု ပုံစံ(respiration), သဘာဝအပြုအမူများ(natural behaviors), အမိုးနီးယားအနံ့(ammonia smell), မစင် အနေအထား(faece conditions), ခြံအတွင်း ကြက်များ၏ ဖြန့်ကျဲမှုအခြေ အနေ(distribution of poultry), ကိုယ်နေကိုယ်ထား(body posture) စသည့် အချက်များကို စောင့်ကြည့်သင့်ပြီး ပုံမှန်မဟုတ်သည့် အခြေအနေများတွေ့ရှိပါက  အချိန်မီသုံးသပ်၍ တုံ့ပြန် ဆောင်ရွက်သွားရမည်ဖြစ်သည်။ Poultry Signals များကို စောင့်ကြည့် အကဲဖြတ်ရာတွင် အမြင်  (Visual observation)၊ အကြား(hearing)၊ အပြုအမူလက္ခဏာ(sign)၊ အနံ့ခံခြင်း(smell)၊ အရသာခံခြင်း (taste) နှင့် ကိုင်တွယ်စမ်းသပ်ခြင်း(Touch) အားဖြင့် ဆောင်ရွက် ရန်လိုအပ် ပါသည်။

အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး (Gut Health) စိစစ်အကဲဖြတ်ခြင်း

ကြက်များတွင် အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေရေးသည် လွန်စွာ အရေးပါသည်။ ကြက်၏ အစာခြေလမ်းကြောင်းသည် အခြားတိရစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက အလျားတိုသည့်အတွက် အစာအဟာရစုပ်ယူမှုအတွက် ရှေ့နောက် အူပြောင်းပြန်လှုပ်ရှားခြင်း (Reverse peristalsis) နည်းကို အသုံးပြုသည်။ အမြစ်ဦးပိုင်းနှင့် အမြစ်တွင် ရှေ့နောက် အူပြောင်းပြန်လှုပ်ရှားခြင်း (Reverse Chyme flow), အမြစ်နှင့် အူသိမ်ဦးပိုင်းတွင် ရှေ့နောက် အူပြောင်းပြန်လှုပ်ရှားခြင်း (Gastro-duodenal contraction cycle), အူသိမ်ပိုင်းတွင် ရှေ့နောက် အူပြောင်းပြန်လှုပ်ရှားခြင်း (intestinal reflux)နှင့် အူသိမ်နှောင်းပိုင်းတွင် ရှေ့နောက် အူပြောင်းပြန်လှုပ်ရှားခြင်း (colonic antiperistalsis) နည်းများကို အသုံးပြု၍ လုပ်ဆောင်သည်။ အစာခြေအူသိမ်ပိုင်းသည် အစာစုပ်ယူအသုံးပြုခြင်းဖြင့် ကြက် များ၏ ထုတ်လုပ်မှုစွမ်းရည်ကို ကောင်းမွန်စေသည်။ ကြက်မွေးမြူထုတ်လုပ်မှု ကုန်ကျစရိတ် စုစုပေါင်း ၏ ၇၀-၇၅ % သည် အစာအတွက် ကုန်ကျစရိတ်ဖြစ်သည်။ ထို့ကြောင့် ကျွေးသည့် အစာများ ကို ပြည့်ပြည့်ဝဝ စုပ်ယူအသုံးပြုနိုင်ရေးအတွက် အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန် အောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။ အူလမ်းကြောင်းမှ ဆင်းသက်လာသည့် မစင် (intestinal faeces) နှင့် တစ်ဖက်ပိတ်အူလမ်းကြောင်းမှ ဆင်းသက်လာသည့် မစင် (caecal faeces) များ ၏ အရောင်နှင့် အပျော့အမာ အနေအထား (color and consistency) များသည် အစာခြေစနစ် (digestion system) ၏ အချက်ပြများဖြစ်ပြီး စောင့်ကြည့်ရန်လိုအပ်ပြီး ပုံမှန်မဟုတ်သည့် အခြေအနေများရှိပါက တုံ့ပြန်ဆောင်ရွက်မှုများကို အချိန်မီဆောင်ရွက်ရမည်။

အသားစားကြက်များသည် အချိန်ပြည့် အစာစားနိုင်ရန် စီမံဆောင်ရွက်ထားရန် လိုအပ် ပါသည်။ အကယ်၍ ၆ နာရီခန့် အစာဖြတ်ပါက အူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပွား ပြီး အစာအာဟာရစုပ်ယူသည့် အင်္ဂါအစိတ်ပိုင်းများ ပျက်စီးစေပါသည်။ ထိုမှတဆင့် အူလမ်း ကြောင်းယိုစိမ့်ခြင်း လက္ခဏာ (leaky gut symdrome) ဖြစ်စေပြီး အစာမကြေခြင်းခြင်းနှင့် အစာများ မစင်တွင် စွန့်ပစ်ခြင်းများ ဖြစ်စေနိုင်သလို ၎င်းနေရာသို့ ရောဂါပိုးများ ဝင်ရောက်၍ ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

အစာ‌ဗေဒဆိုင်ရာ ပညာရပ်များ

ကြက်အမျိုးအစားအလိုက်  အစာအာဟာရပြည့်ဝစွာ ရရှိရမှသာ ကြက်မွေးမြူရေး စီးပွားရေးလုပ်ငန်းအတွက် အရေးကြီးသည်။ စုစုပေါင်း ကြက်မွေးမြူရေး ထုတ်လုပ်မှုလုပ်ငန်း အတွက် ကုန်ကျစရိတ်စုစုပေါင်း၏ ၇၀-၇၅% ခန့်သည် အစာအတွက် ကုန်ကျငွေဖြစ်သည့် အတွက် အဓိကသွင်းအားစုတစ်ခုဖြစ်ပါသည်။ မိမိမွေးမြူသည့် ကြက်အမျိုးအစားနှင့် အသက် အရွယ်အလိုက် လိုအပ်သည့် အာဟာရဓာတ်များပြည့်မီရမည်။  ရေဓာတ် ( Water)၊ ကစီဓာတ် (carbohydrate)၊ အသားဓာတ် (protein)၊ အဆီဓာတ် (fat) ၊ ဗီတာမင် (Vitamins)၊ မီးစုန်းဓာတ် (minerals) ၊ အမျှင်ဓာတ် (fibre) များ အချိုးကျ ပါဝင်ရန်လိုအပ်ပါသည်။ မိမိ မွေးမြူထားသည့် ကြက်များ၏ အစားစားနှုန်းနှင့် ထုတ်လုပ်မှု တိုးတက်နှုန်းများကို နေ့စဉ် စောင့်ကြည့်စစ်ဆေး ခြင်းနှင့် ကုမ္ပဏီများမှ ကြက်အမျိုးအစားလိုက် ထုတ်ဝေသည့် စီမံခန့်ခွဲမှုလမ်းညွှန်စာအုပ် (management guide) များနှင့်နှိုင်ယှဉ်ရန် လိုအပ်ပြီး  သတ်မှတ်ထားသည့် စံနှုန်းနှင့် သွေဖယ်မှု ရှိပါက ဒေသအလိုက် ထိန်းညှိမှုလုပ်ငန်းများကို ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ ထို့ကြောင့် အစာသိုလှောင်ထိန်းသိမ်းမှု၊ အပူချိန်လျှော့နည်းသည့် အချိန်များတွင် အစားကျွေးသည့် နည်းစနစ် များကို ရွေးချယ် စီမံဆောင်ရွက်ရမည်ဖြစ်ပါသည်။

အလင်းပေးမှု အစီအမံ (Lighting Scheme) လိုအပ်ချက်တွက်ချက်ခြင်း

ကြက်မွေးမြူထုတ်လုပ်သည့် လုပ်ငန်းစဉ်တွင် အလင်းပေးမှု အစီအမံ (lighting scheme) သည် ကြက်များ၏ ထုတ်လုပ်မှု စွမ်းရည် (performance)နှင့် တရစ္ဆာန်ဘဝသာယာဝပြောရေး (welfare) အတွက် အရေးကြီးသည်။ မှန်ကန်သည့် lighting scheme သည် ကြက်များ၏ အလေးချိန် ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန် စေခြင်း၊ ကြက်သေနှုန်းလျော့ကျစေခြင်းနှင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်းစသည့် ကောင်းကျိုးများကို ဖြစ်ထွန်းစေပါသည်။ ကြက်၏ အသက်အရွယ်အလိုက် ကြက်များအတွက် စီမံဆောင်ရွက်ပေးရမည့် lighting scheme ကို ပြောင်းလဲပေးရမည်။ အသားစားကြက်များအတွက် ပုံမှန်အားဖြင့် မီးလွှတ်သည့် အချိန်မှစ၍ အလင်းပေးချိန် ၁၈ နာရီ နှင့် အမှောင်ပေးချိန် ၆ နာရီ နည်းစနစ်ကို ကျင့်သုံးသင့်ပါသည်။ (၁၈)နာရီ အလင်းရောင်ရရှိရန် ဆောင်ရွက်ရမည်ဖြစ်သဖြင့် မွေးမြူသူများအနေဖြင့် အခြားအလင်း ပေးသည့် အရင်းအမြစ်များ စီမံဆောင်ရွက်သွားရန် လိုအပ်ပါသည်။

ကာကွယ်ဆေးအသုံးပြုခြင်း

          မိမိမွေးမြူသည့် ကြက်များအား ကူးစက်ရောဂါများမှ ကင်းဝေးရန် အစီအမံများ ချမှတ် ဆောင်ရွက်ပေးရမည်။ နိုင်ငံအလိုက် ဒေသအလိုက် ကျရောက်ဖြစ်ပွားတတ်သည့် ကြက်ကူးစက် ရောဂါများအတွက် ကာကွယ်ဆေးများကို သတ်မှတ်ထားသည့် အချိန်ကာလများအလိုက် အသုံးပြုသွားရန် လိုအပ်ပါသည်။ ကာကွယ်ဆေးရွေးချယ်အသုံးပြုရာတွင် အောက်ဖော်ပြပါ အချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်-

  1. ဘေးအန္တရာယ် ကင်းရှင်းရန် (safe)
  2. ခုခံအား လျင်မြန်စွာ ဖြစ်ပေါ်ရန်
  3. ကြာရှည်ခံသည့် ခုခံအား ဖြစ်ရန်
  4. စီးပွားရေး တွက်ချေကိုက်ရန်
  5. အသုံးပြုရ လွယ်ကူရန်

တစ်ခါတစ်ရံ အသုံးပြုသည့် ကာကွယ်ဆေး မအောင်မြင်ခြင်းများ ကြုံရတတ်ပါသည်။ ထိုသို့ ဖြစ်ရသည့် အဓိက အကြောင်းအရာအချို့မှာ-

  1. ရောဂါအမျိုးအစားနှင့် ကာကွယ်ဆေးပိုး မကိုက်ညီခြင်း
  2. ကာကွယ်ဆေးအရည်အသွေး မကောင်းမွန်ခြင်း
  3. အသုံးပြုသည့် ကာကွယ်ဆေးပမာဏ မလုံလောက်ခြင်း
  4. မိခင်ထံမှရရှိသည့် ပဋိတုံ့ပြန်ပစ္စည်း ရှိနေခြင်း
  5. ကာကွယ်ဆေး အသုံးပြုသည့် နည်းလမ်း မှားယွင်းခြင်း
  6. အသုံးပြုသည့် ရေ အရည်အသွေး မကောင်းမွန်ခြင်း

ထို့ကြောင့် မွေးမြူသူများသည် ကာကွယ်ဆေးအသုံးပြုရာတွင် ကာကွယ်ဆေး မအောင် ခြင်းဖြစ်ပေါ်စေတတ်သည့် အကြောင်းရင်းများကို ထည့်သွင်းစဉ်းစား၍ အသုံးပြုရမည်ဖြစ်သည်။

အချက်အလက်မှတ်တမ်းများ ထားရှိခြင်း၊ သုံးသပ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း

မှတ်တမ်းများ စနစ်တကျထားရှိခြင်းသည် မိမိကြက်များ၏ ထုတ်လုပ်မှုများကို အချိန်မှန် သိရှိနိုင်ပြီး လိုအပ်ပါက ပြုပြင်ပြောင်းလဲစီမံမှုများပေး၍ အကျိုးဖြစ်ထွန်းသည့် ကြက်မွေးမြူ ထုတ်လုပ်မှုစီးပွားရေး တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ပါသည်။ အချက်အလက် မှတ်တမ်း များကို သုံးသပ်၍ မိမိခြံ၏အားနည်းချက်များကို ဖော်နိုင်ပြီး သုံးသပ်ချက်များအလိုက် မှန်ကန် သင့်လျော်သည့် အရေးယူဆောင်ရွက်ချက်များကို ပြုလုပ်ခြင်းဖြင့် ထိခိုက်နစ်နာမှုများမှ ကြိုတင် ကာကွယ်နိုင်၍ စဉ်ဆက်မပြတ် တိုးတက်သည့် ကြက်မွေးမြူ ထုတ်လုပ်မှုကို ပြုနိုင်မည်ဖြစ် သည်။ အခြေခံအချက်များအနေဖြင့် ကြက်ကောင်ရေ၊ သေနှုန်း၊ အစာစားနှုန်း၊ ကိုယ်အလေး ချိန်တိုးတက်မှု စသည့်အချက်များကို မှတ်တမ်းထားရှိရမည်။

ကြက်မွေးမြူထုတ်လုပ်မှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တိုးတက်လျက်ရှိသကဲ့ သို့ အခြားတစ်ဖက်တွင်လည်း စနစ်တကျ စီမံခန့်ခွဲသည့် တတ်ကျွမ်းမှု မရှိပါက ဆုံးရှုံးများနှင့် ကြုံတွေ့နိုင်ပါသည်။ ကြက်မွေးမြူရေးအောင်မြင်ဖြစ်ထွန်းရန်အတွက် ရေ၊ အစာ၊ အလင်းပေးမှု အစီအမံနှင့် အပူချိန်သည် ဒေါက်တိုင် လေးခုသဖွယ် အရေးကြီးပြီး အခြားစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ပေါင်းစပ် အသုံးခြင်းဖြင့် ဆောင်ရွက်သွားရမည်ဖြစ်သည်။

 

ဒေါက်တာအောင်သူ

သုတေသနအရာရှိ